အိန္ဒိယနိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့၌ ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခု ပြိုကျ

မွမ်ဘိုင်း၊ မေ ၁၆

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့၌ မေ ၁၃ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ကြော်ငြာ ဆိုင်းဘုတ်ကြီးတစ်ခု ပြိုကျခဲ့ရာ ၁၆ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ အဆိုပါဆိုင်းဘုတ်သည် ဓာတ်ဆီဆိုင် တစ်ဆိုင်အပါအဝင်  လူနေအိမ်များပေါ်သို့ ပြုတ်ကျခဲ့ရာ  အောက်ဘက်ရှိ လူများနှင့် ကားများ ပိတ်မိနေခဲ့သည်။

အဆိုပါမတော်တဆဖြစ်စဉ်ကြောင့် ၁၆ ဦး သေဆုံးပြီး ၇၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားသည်။ ကယ်ဆယ်ရေးသမားများသည် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေဆဲဖြစ်သည်။

စတုရန်းမီတာ ၁၂၀၀ ကျော် ကျယ်ဝန်းသော ကြော်ငြာဘုတ်ကြီးကို လူနေအိမ်များရှိသည့် နေရာတွင် စိုက်ထူရန် ဒေသဆိုင်ရာ တာဝန်ရှိသူများက ခွင့်မပြုသင့်ကြောင်း မီဒီယာများက ပြောသည်။ အဆိုပါဆိုင်းဘုတ်ပြုတ်မကျမီ ၎င်း၏ လုံခြုံရေးနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိခဲ့ကြောင်း သိရသည်။ အာဏာပိုင်များက ခွင့်မပြုသော ကြော်ငြာဘုတ်များကို ဖယ်ရှားရန် ညွှန်ကြားထားကြောင်း သိရသည်။

 ကိုးကား - ဆင်ဟွာ

 ဘာသာပြန် - အောင်ကျော်ကျော်