အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ တတိယမြောက် အများဆုံး နိုင်ငံဖြစ်လာ

၆ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်မှာ ၆၉၈,ဝ၀ဝ နီးပါး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးက အတည်ပြုပြီးနောက် ဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက်မှာ ရုရှားနိုင်ငံထက် များပြားသွားပြီဖြစ်တဲ့အတွက် ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ တတိယမြောက် အများဆုံး နိုင်ငံဖြစ်လာကြောင်း သိရပါတယ်။

 

 

၂၄ နာရီအတွင်းမှာ လူပေါင်း ၂၅,ဝ၀ဝ  မှာ ဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိတဲ့အတွက် အိန္ဒိယနိုင်ငံမှာ ဇူလိုင် ၅ ရက်နေ့ဟာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများဆုံးနေ့အဖြစ် မှတ်တမ်းတင်သွားကြောင်း၊ သေဆုံးသူကတော့ ၆၁၃ ဦးရှိကြောင်း ထုတ်ပြန်ပါတယ်။

 

 

မြို့တော် နယူးဒေလီမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူတွေကို ကုသရန် ခုတင် ၁၀ဝ၀ ဆံ့ ယာယီဆေးရုံအဖြစ် ပြုလုပ်ထားတဲ့ တရားထိုင် စင်တာမှာ စတင်ကုသနေပြီလို့ သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု အရေအတွက် များလာတဲ့အတွက် ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့ တပ်ချ်မဟာ ကို ဆက်လက်ပိတ်ထားမယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့ပေမယ့် ပြန်ဖွင့်ရက်ကို ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။

 

 

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံနေတဲ့ နိုင်ငံ/ဒေသပေါင်း ၁၉၆ ခုမှာ ကူးစက်ခံရသူ ၁၁.၄ သန်းကျော်ရှိပြီး လူပေါင်း ၅၃၄,၂၆၇ ဦးသေဆုံးကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ 

 

 

ဗိုင်းရပ်စ်ရောဂါပိုးကြောင့် အမေရိကန်နိုင်ငံဟာ သေဆုံးသူ အများဆုံးနိုင်ငံ(၁၂၉,၉၄၇ ဦး)ဖြစ်ပြီး အဲဒီနောက် ဘရာဇီးနိုင်ငံ (၆၄,၈၆၇ ဦး) ၊ ဗြိတိန်နိုင်ငံ(၄၄,၃၀၅ ဦး)၊ အီတလီနိုင်ငံ(၃၄,၈၆၁ ဦး) နဲ့ မက္ကဆီကိုနိုင်ငံ(၃၀,၈၆၉ ဦး) အသီးသီး ရှိနေပါတယ်။

 

 

 

MDN

ကိုးကား- AFP