အိန္ဒိယနိုင်ငံက ဘရာမော့စ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

နယူးဒေလီ ၁၈ ဒီဇင်ဘာ 

အိန္ဒိယနိုင်ငံသည် အသံထက်မြန်သော ဘရာမော့စ် ခရုစ်ဒုံးကျည်တစ်စင်းကို နိုင်ငံအရှေ့ပိုင်း သြဒိဿပြည်နယ်မှအောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင် ခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြသည်။

သင်္ဘောပစ် ဒုံးကျည်အမျိုးအစား ဖြစ်သည့် အဆိုပါဒုံးကျည်ကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် သြဒိဿပြည်နယ် အရှေ့မြောက်ဘက် ဘူဘာနီမှ ၂၀၈ ကီလိုမီတာအကွာခန့်ရှိ ဘာလာဆောဒေသမှ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို အိန္ဒိယကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များကဖော်ပြသည်။ဘရာမော့စ် ဒုံးကျည်သည် အသံထက်မြန်သည့် တာလတ်ပစ် ခရုစ်ဒုံးကျည်အမျိုး အစားဖြစ်ပြီး ရေငုပ်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် သင်္ဘောများ သို့မဟုတ် ကုန်းပေါ်မှပစ်လွှတ်နိုင်သည့် ဒုံးကျည်ဖြစ်သည်ဟု ဆိုသည်။

အကွာအဝေးအားဖြင့် ၂၉၀ ကီလို မီတာအထိပျံသန်းနိုင်သည့်ဘရာမော့စ် ဒုံးကျည်သည် အလေးချိန် ၃၀၀ ကီလိုဂရမ်ရှိသည့်တိုက်ပွဲဝင်ဒုံးကျည် ထိပ်ဖူးကို တင်ဆောင်နိုင်စွမ်းရှိကြောင်း ဒေသမီဒီယာတွင် ဖော်ပြထားသည်။ 

ဆင်ဟွာ