အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ပထမဆုံး ရေငုပ်သင်္ဘော လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်

နယူးဒေလီ ၃၁  ဇူလိုင်

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ၎င်း၏ပထမဆုံးသော ရေငုပ်သင်္ဘောအား ယခုနှစ်အတွင်း လွှဲပြောင်းပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ Sindhuvir ရေငုပ်သင်္ဘောအား မြန်မာရေတပ်က စစ်ရေးလေ့ကျင့်မှုများအတွက် ဦးစားပေး အသုံးပြုမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၁၉၈၀ ပြည့်နှစ်တွင် ယင်းရေငုပ်သင်္ဘောကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့သည်။ ယခုအချိန်တွင် ဟိန္ဒူစတန် သင်္ဘောကျင်းလီမိတက်(HSL)က ပြန်လည်မွမ်းမံမှုများ ပြုလုပ်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းမတိုင်မီတွင် ပြုပြင်မွမ်းမံမှု လုပ်ငန်းများ ပြီးစီးမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် မူလထုတ်လုပ်ရောင်းချခဲ့သော နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံသို့ အိန္ဒိယအာဏာပိုင်များက ခွင့်ပြုချက်တောင်းခံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မကြာသေးမီလများအတွင်း၌ အိန္ဒိယနှင့်မြန်မာ အဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးပွဲများ ကျင်းပခဲ့သည်။ ယခုအချိန်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည်။

အိန္ဒိယ-မြန်မာ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံစိတ်ချရမှုအတွက် နှစ်နိုင်ငံစောင့်ကြည့်ထောက်လှမ်းမှုများ အပါအဝင် ကာကွယ်ရေးလက်နက် အဆင့်မြှင့်တင်မှုများနှင့် ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယအရှေ့ပိုင်းတိုင်း ရေတပ်စစ်ဌာနချုပ် ဒုတိယရေတပ်ဗိုလ်ချုပ်ကြီးတို့ ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

သည်အီကိုနော့မစ်တိုင်းမ်