အိန္ဒိယနိုင်ငံကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး နှစ်သန်း ဘရာဇီးနိုင်ငံကိုရောက်ရှိ 

၂၂ ဇန်နဝါရီ

ဘရာဇီးနိုင်ငံကို AstraZeneca-Oxford ထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးနှစ်သန်း သောကြာနေ့တွင် ရောက်ရှိမှာဖြစ်ကြောင်း အစိုးရက ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ 

အိန္ဒိယနိုင်ငံကနေ တင်ပို့မယ့် ကာကွယ်ဆေး ၂ သန်းဟာ သောကြာနေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန် ချက်မှာပါရှိပါတယ်။ 

မူလအစီစဉ်အရ ကာကွယ်ဆေး ၂သန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိရမှာဖြစ်ပေမယ့် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ အစိုးအရအဖွဲ့အား နိုင်ငံတွင်းဖိအားတွေ ရှိနေတဲ့အတွက် သီတင်းတစ်ပတ်နောက်ကျပြီး ရောက်ရှိလာတာဖြစ်ပါတယ်။ 

လူဦးရေ ၂၁၂ သန်းနေထိုင်တဲ့ ဘရာဇီးနိုင်ငံဟာကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးဒဏ် ဒုတိယမြောက် အခံရဆုံးနိုင်ငံ ဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် သေဆုံးသူ ၂၁၄,၂၂၈ ဦးရှိနေပြီဖြစ်ပါတယ်။ 

တရုတ်ဆေးကုမ္ပဏီ Sinovac နဲ့ ဘရာဇီးသုတေသနဌာန Butantan တို့ ပူးတွဲထုတ်လုပ်ထားတဲ့ CoronaVac ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေး ၆ သန်းအား ပြီးခဲ့တဲ့ သီတင်းပတ်က ဆာပါလိုပြည်နယ်မှာ စတင် အသုံးပြုနေပြီဖြစ်ပါတယ်။ 

ဆာပါလိုပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ သမ္မတတို့ဟာ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် နိုင်ငံရေးအားပြိုင်နေတဲ့ အနေအထားမှာ ရှိနေတာကိုတွေ့ရပါတယ်။ 

ဘရာဇီးနိုင်ငံမှာ အသုံးပြုမယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်မျိုးလုံးဟာ သီတင်းပတ် အနည်းငယ်ခြားပြီး  နှစ်ကြိမ်ထိုးရန် လိုအပ်တဲ့ကာကွယ်ဆေးတွေဖြစ်ပါတယ်။

MDN
ကိုးကား - AFP