အိန္ဒိယနိုင်ငံမှ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည့် ပဲတီစိမ်းအပေါ် ကန့်သတ်တင်သွင်းရန် မူဝါဒတစ်ရပ် ပြောင်းလဲထုတ်ပြန်မှုအပေါ် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိမည့် ပဲတီစိမ်းများ ဈေးကွက် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

၂၀၂၂ ခုနှစ်၊ မတ် ၃၁ ရက်အထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည့် ပဲတီစိမ်းအား လွတ်လပ်စွာ တင်သွင်းကုန်အဖြစ်မှ ကန့်သတ်တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ်သို့ မူဝါဒပြင်ဆင်သတ်မှတ်ခဲ့ပြီး   ကြေညာချက် ထုတ်ပြန်ချိန်မှ ချက်ချင်းအကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်ကြောင်း ကြေညာချက်တစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက Notification. S.O. 624 (E) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

သို့ဖြစ်ရာ  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ  ၁၁ ရက် နောက်ပိုင်း အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် အသင့်ဖြစ်နေပြီး ဈေးကွက်တင်ပို့ရန် အခက်အခဲကြုံတွေ့နေရသည့် ဆိပ်ကမ်းသို့ ရောက်ရှိပြီးနှင့် လမ်းကြောင်းတစ်လျှောက်ရှိ ပဲတီစိမ်း အိန္ဒိယနိုင်ငံဈေးကွက်သို့ ပုံမှန်တင်ပို့နိုင်ရေး နှင့် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိလာမည့် ပဲတီစိမ်းများ ဈေးနှုန်းကျဆင်းမှု မဖြစ်ပေါ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မြန်မာနိုင်ငံ၌ ပဲမျိုးစုံစိုက်ပျိုးမှု အနေဖြင့် စိုက်ဧက (၉ ဒသမ ၉) သန်းခန့်ရှိပြီး ပဲမျိုးစုံတန်ချိန် (၄ ဒသမ ၁) သန်းခန့် နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ပဲတီစိမ်း ပြည်ပတင်ပို့မှု အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တန်ချိန် (၇) သိန်းခန့်ကို ကမ္ဘာ့နိုင်ငံ (၆၄) နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဖေဖော်ဝါရီလ ၄ ရက်နေ့) အထိ ပဲတီစိမ်း တန်ချိန် (၁၄၇,၃၂၆) တန်ကို  ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ခဲ့မှုအနက်  အိန္ဒိယနိုင်ငံ ဈေးကွက်သို့ တင်ပို့မှုမှာ (၁၈,၈၄၂) တန်၊ ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းခန့်သာ ပါဝင်ပါကြောင်း၊ ပဲတီစိမ်းကို အိန္ဒိယဈေးကွက်သို့ ပုံမှန်ဆက်လက် တင်ပို့နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံသို့ ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ အသင်းအဖွဲ့များ အနေဖြင့်လည်း ဈေးကွက်တည်ငြိမ်မှု ရှိစေရေးနှင့် EU  အပါအဝင် ဈေးနှုန်းပိုမိုရရှိနိုင်မည့် အခြားဈေးကွက်များသို့ တင်ပို့နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက  ပဲတီစိမ်းဈေးကွက်တည်ငြိမ်ရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များ  ထုတ်လုပ်တင်ပို့နိုင်ရေး၊   ဈေးနှုန်းပိုမိုရရှိနိုင်မည့်    အခြားဈေးကွက်များသို့  တင်ပို့နိုင်ရေး၊ ​ G to G စာချုပ်ဆို၍  ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးတို့နှင့် ပတ်သက်ပြီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလိမိတက်၊ အိန္ဒိယနိုင်ငံ စီးပွားရေးသံမှူးနှင့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်