အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ ခရီးသွားလာမှုကန့်သတ်ချက် သက်တမ်းထပ်မံတိုးမြှင့်

နယူးဒေလီ၊  ၁၀  မေ

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားလျက်ရှိသည့်အတွက် မြို့တော်နယူးဒေလီ၌ ခရီးသွားလာမှုကန့်သတ်ချက်များကို မေ ၁၇ ရက်အထိ သက်တမ်းထပ်မံတိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။

မြို့တော်နယူးဒေလီ၌ ရက်သတ္တပတ် သုံးပတ်ကြာ ချမှတ်ထားခဲ့သည့် ခရီးသွားလာခွင့် ကန့်သတ်ချက်သည် ယနေ့သက်တမ်းကုန်ဆုံးခဲ့သည့်အတွက် နောက်ထပ် သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ယခုချမှတ်သည့် စည်းမျဉ်းများသည် ယခင်စည်းမျဉ်းများထက် ပိုမိုတင်းကျပ်လျက်ရှိကြောင်း သိရသည်။ မီးရထားပြေးဆွဲမှုများကို ရပ်ဆိုင်းမည်ဖြစ်သည့်အပြင် မင်္ဂလာပွဲအခမ်းအနားများကို နေအိမ်၌သာ လူ ၂၀ ထပ်မပိုဘဲ ကျင်းပခွင့်ပြုထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း နယူးဒေလီမြို့၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃၃၃၆ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး အဆိုပါအရေအတွက်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တွေ့ရှိသည့် အရေအတွက် ၂၀၀၀ ကျော်ထက် ပိုမိုလျော့ကျလာကြောင်း သိရသည်။ အလားတူ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ထပ်မံ သေဆုံးသူ ၂၇၃ ဦး ရှိသည်။

လက်ရှိအချိန်အထိ နယူးဒေလီမြို့၌ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၃၂၃၅၆၇ ဦးနှင့် သေဆုံးသူပေါင်း ၁၉၃၄၄ ဦးရှိကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်