စက်တင်ဘာ ၁၅
အိန္ဒိယနိုင်ငံမွမ်ဘိုင်းရှိလေဆိပ်တွင် ယမန်နေ့ညနေပိုင်းက ကိုယ်ပိုင်လေယာဉ်ငယ်တစ်စင်းသည် မိုးသည်းထန်စွာ ရွာသွန်းနေချိန် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထိုရှစ်ဦးတွင် လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းတစ်ဦးတို့ပါဝင်သည်။ ထိုလေယာဉ်သည် လေယာဉ်ပြေးလမ်းချော်ပြီး မြေပြင်ပေါ်သို့နှစ်ပိုင်းပြတ်ကာ ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမတော်တဆမှုဖြစ်ပွားပြီးနောက် ယင်းလေဆိပ်ရှိလေယာဉ်ပြေးလမ်းအား အချိန်အတန်ကြာပိတ်ထားခဲ့ရာ လေကြောင်းအဝင်အထွက်ခရီးစဉ်များ နှောင့်နှေးခဲ့ရသည်။
မွမ်ဘိုင်းလေဆိပ်၏သတင်းထုတ်ပြန်ချက်အရ ထို Learjet 45 လေယာဉ်သည် Vizag ဆိပ်ကမ်းမြို့မှ မွမ်ဘိုင်းသို့ အပျော်ခရီးပျံသန်းခြင်းဖြစ်ကြောင်းနှင့် ဒေသစံတော်ချိန် ည ၆ နာရီ ၄၇ မိနစ်တွင် လေယာဉ်ပြေးလမ်းကို ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို