အိန္ဒိယနိုင်ငံ၌ အထပ်မြင့်အဆောက်အဦ မီးလောင်မှုကြောင့် လူခြောက်ဦးထက်မနည်းသေဆုံး

မတ် ၁၇

အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့ရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာအဆောက်အဦ(ကုန်တိုက်)အတွင်း မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီးနောက် လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ထိုမြို့ရှိ စီကန်ဒရာဘတ်ဒေသတွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုမီးလောင်မှုကြောင့် အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးလေးဦးတို့သေဆုံးခဲ့ပြီး အခြားခြောက်ဦးသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ဒဏ်ရာရရှိသူခြောက်ဦးအနက် လေးဦးသည် မီးလောင်မှုဖြစ်ပွားရာကုန်တိုက်အတွင်းမှ ခုန်ထွက်ပြေးခဲ့သည်ဟု သိရသည်။

ထိုမီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ကား ၁၂ စီးရောက်ရှိလာပြီး ယနေ့မနက်စောပိုင်းထိ မီးငြှိမ်းသတ်မှု လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့၏ကနဦးစုံစမ်းစစ်ဆေးချက်တွင် လျှပ်စစ်ဓါတ်အားရှော့ခ်ဖြစ်ရာမှမီးလောင်ကျွမ်းခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို