အိန္ဒိယနိုင်ငံ၌ ဆောက်လုပ်ဆဲအားကစားရုံပြိုကျမှုကြောင့် သုံးဦးသေဆုံး

နိုဝင်ဘာ ၂၁

အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်တွင် ဆောက်လုပ်ဆဲမိုးလုံလေလုံအားကစားရုံ၏ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီးနောက် သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူများအနက် အချို့သည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် တီလန်ဂါနာပြည်နယ် မြို့တော်ဟိုက်ဒရာဘတ်၏အနောက်ဘက် ကီလိုမီတာ ၃၀ ကွာခန့်ရှိ ရန်ဂါရတ်ဒီခရိုင် မိုနာဘတ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုအားကစားရုံပြိုကျမှုကြောင့် ဒဏ်ရာရရှိသူများကို အနီးစပ်ဆုံးဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အားကစားရုံနံရံများပြိုကျမှုကြောင့် လူအများပိတ်မိနေဆဲဖြစ်ကြောင်းနှင့် ပိတ်မိနေသူအများစုသည် အလုပ်သမားများဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောသည်။ အားကစားရုံပြိုကျမှုဖြစ်ပွားချိန်က ထိုနေရာတွင် အလုပ်သမား ၂၀ ထက်မနည်းရှိသည်ဟုသိရသည်။ ပြိုကျမှုဖြစ်ပွားရသည့်အကြောင်းရင်းကို ချက်ချင်းမသိရှိရသေးပေ။  

ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်သူများက ဆောက်လုပ်ရေးလုပ်သားများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ စံနှုန်းများညံ့ဖျင်းခြင်း၊ ကြီးကြပ်မှုမလုံလောက်ခြင်း ၊ အရည်အသွေးညံ့ဖျင်းသော ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုခြင်းတို့ကို မကြာခဏဖြစ်ပေါ်စေသည့် အဆောက်အဦဆိုင်ရာ စည်းမျဉ်းများ ချိုးဖောက်မှုအတွက် စီမံခန့်ခွဲမှုပေါ့လျော့ခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတို့ကို အပြစ်တင်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် အဆောက်အဦအသစ် သို့မဟုတ် အဟောင်းသည် အခြေခံအဆောက်အဦအားနည်းချက်ကြောင့် လူသေဆုံးစေသောအဆောက်အဦမတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို