အိန္ဒိယနိုင်ငံ၌ ဆေးဝါးစက်ရုံမီးလောင်မှုကြောင့် လေးဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

ဇွန် ၂၇

အိန္ဒိယနိုင်ငံအနောက်ပိုင်းရာဂျတ်စ်သန်ပြည်နယ်တွင် ဆေးဝါးစက်ရုံမီးလောင်မှုဖြစ်ပွားသောကြောင့် လေးဦးထက်မနည်း သေဆုံးပြီး အခြား ၁၂ ဦး မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု တာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။

အဆိုပါမီးလောင်မှုသည် ရာဂျတ်စ်သန်ပြည်နယ် မြို့တော် ဂျေပါ၏အရှေ့မြောက်ဘက် ၁၉၄ ကီလိုမီတာအကွာ Khairthal-Tijara ခရိုင် ဘီဝါဒီမြို့၏ Khushkhera စက်မှုဇုန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ မီးသတ်ဌာနတာဝန်ရှိသူများက စက်ရုံအတွင်း ဝါယာရှော့ခ်ဖြစ်ရာမှပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို