အိန္ဒိယနိုင်ငံ၌ စက်ရုံမီးလောင်မှုကြောင့် သေဆုံးသူ ၁၁ ဦး ရှိလာ

ဖေဖော်ဝါရီ ၁၆

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်ရှိစက်ရုံတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားသဖြင့် သေဆုံးသူ ၁၁ ဦး ရှိလာကြောင်း ဒေသတွင်းမီးသတ် အဆင့်မြင့်အရာရှိတစ်ဦးက ယနေ့မနက်တွင်ပြောကြားသည်။ သေဆုံးသူအားလုံးသည် စက်ရုံအလုပ်သမားများ ဖြစ်သည်ဟု ၎င်းကဆိုသည်။ အဆိုပါမီးလောင်မှုတွင် အမျိုးသမီးနှစ်ဦးနှင့် ဒေလီရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိခဲ့ရာ ၎င်းတို့ကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ ထိုစက်ရုံသည် ဒေလီအနောက်မြောက်ဘက် Bhorgarh ဒေသရှိ လူနေရပ်ကွက်အနီးတွင် တည်ရှိသဖြင့် နေအိမ်များနှင့် ဈေးဆိုင်များအနီးအနားရှိ မီးတောက်များကြောင့်ပေါက်ကွဲသံကြီးများကြားခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရာတွင် လေးနာရီထက်မနည်း ကြာမြင့်ခဲ့သည်ဟု သိရသည်။မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုမူမသိရှိရသေးချေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို