အိန္ဒိယနိုင်ငံ၌ မိုးနှင့်ဆက်စပ်သည့်ဖြစ်ရပ်များကြောင့်  လူ ၁၉ ဦးထက်မနည်းသေဆုံး

စက်တင်ဘာ ၁၂

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာပရာဒေ့ရှ်ပြည်နယ်ရှိ ခရိုင် ၁၂ ခုတွွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးနှင့်ဆက်စပ်သည့်ဖြစ်ရပ်များကြောင့် လူ ၁၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောသည်။

အဆိုပါသေဆုံးသူများအနက် လူအချို့သည် မိုးကြိုးပစ်ခံရမှုကြောင့်သေဆုံးခြင်းဖြစ်ပြီး လူအနည်းငယ်သည် ရေနစ်သေဆုံးခြင်း ဖြစ်သည်။

မိုးနှင့်ဆက်စပ်သည့်ဖြစ်ရပ်များကြောင့် ဟာဒိုအီခရိုင်တွင် လေးဦး၊ ဘာရာဘန်ကီခရိုင်တွင် သုံးဦး၊ ပရာတပ်ဂတ်နှင့် ကန်နာဂျီခရိုင်တို့မှ နှစ်ဦးစီ အသီးသီးသေဆုံးခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောသည်။

ထိုပြည်နယ်မြို့တော် လပ်ခ်နောင်းနှင့် အနီးနားဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး  လမ်းများပေါ်ရေလွှမ်းနေသဖြင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည်။

အိန္ဒိယမိုးလေဝသဌာန၏ပြောကြားချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း ခရိုင် ၂၂ ခုတွင် မိုးရေချိန် မီလီမီတာ ၄၀ ကျော် ရှိသည်ဟု သိရသည်။

ယင်းပြည်နယ်၏အရှေ့ပိုင်းတွင် လာမည့်သုံးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းဖွယ်ရှိပြီး အဆိုပါမိုးသည် စက်တင်ဘာ ၁၇ ရက်အထိတိုင် ဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသဌာနတာဝန်ရှိသူများက ပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို