အိန္ဒိယနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူ ၁ ဒသမ ၁ သန်းကျော်ရှိ

ဇူလိုင် ၃

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ခရိုင် ၂၈ ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ  ၁ ဒသမ ၁ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၃၈ ဦး ရှိလာသည်ဟု အာသံပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ရေကြီးရေလျှံမှုကြောင့် ထိုပြည်နယ်၏ခရိုင် ၂၈ ခုတွင် ၁၁၃၄၄၄၆  ဦး ရေဘေးသင့်ခဲ့သည်ဟု ၎င်းအဖွဲ့ကဆိုသည်။ ကျေးရွာပေါင်း ၂၂၀၈ ရှိ သီးနှံစိုက်ပျိုးမြေ ၄၂၄၇၆ ဟက်တာ ပျက်စီးသွားခဲ့သည်ဟု သိရသည်။ တံတားခြောက်စင်း၊ လမ်း ၇၄ ခုနှင့် ရေကာတာ ၁၄ ခု ပျက်စီးခဲ့သည်။ ထိုပြည်နယ်တွင် ဖြစ်ပွားသောရေကြီးရေလျှံမှုသည် နှစ်လအတွင်း တတိယအကြိမ်မြောက်ဖြစ်ပွားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် အနောက်ဘန်ဂေါတွင် မေလ ၂၆ ရက်က ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်တိုက်ခတ်ခဲ့ရာ အာသံပြည်နယ်တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။ အာသံပြည်နယ်တွင် ဇွန်လက သီတင်းပတ်တစ်ပတ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိုပြည်နယ်၏နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ မုတ်သုံရာသီကာလအတွင်း အာသံပြည်နယ်တွင် ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို