အိန္ဒိယနိုင်ငံရှိ အုတ်ဖိုနံရံပြိုကျမှုကြောင့် ခြောက်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂၇

အိန္ဒိယနိုင်ငံ ဉတ္တရာခန်ပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့က အုတ်ဖိုနံရံပြိုကျမှုဖြစ်ပွားခဲ့သဖြင့် အလုပ်သမားခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါနံရံပြိုကျမှုသည် ဉတ္တရာခန်ပြည်နယ်မြို့တော် Dehradun၏ တောင်ဘက် ၈၄ ကီလိုမီတာအကွာ ဟာရစ်ဒါခရိုင် လာဘိုလီကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အုတ်ဖိုနံရံပြိုကျမှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိသူများသည်  နံရံပြိုကျချိန်က အုတ်ဖိုအတွင်း အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ထိုနံရံပြိုကျမှုဖြစ်ပွားသည့်နေရာတွင် ငါးဦး ပွဲချင်းပြီးသေဆုံးပြီး အခြားဒဏ်ရာရရှိသူသုံးဦးအားဆေးရုံသို့ပို့ဆောင်ခဲ့ရာ တစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူခြောက်ဦးရှိလာကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ရဲတပ်ဖွဲ့နှင့်သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ယင်းနေရာသို့ ရောက်ရှိလာကြသည်ဟု သိရသည်။

ယင်းမတော်တဆမှုဖြစ်ပွားသည့် အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် ပြောကြားထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို