အိန္ဒိယနိုင်ငံသည် ဘရာဇီးကိုကျော်တက်ပြီး ကမ္ဘာ့ဒုတိယကူးစက်မှုအမြင့်ဆုံးနိုင်ငံ ဖြစ်လာ

နယူးဒေလီ ၈ စက်တင်ဘာ  

 

အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် စက်တင်ဘာ ၆ ရက်တွင် ဘရာဇီးကို ကျော်တက်ကာ ကမ္ဘာပေါ်တွင် ဒုတိယကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

 

သို့သော်လည်း နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ရန်အလို့ငှာ အဓိကမီးရထားလိုင်းများကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံသည် မကြာသေးမီ သီတင်းပတ်များအတွင်း ကမ္ဘာပေါ်တွင် ကူးစက်မှုနှုန်း မြင့်မားသည့် ဗဟိုချက်မနေရာ ဖြစ်လာခဲ့သည်။

 

ကမ္ဘာအနှံ့ ကိုဗစ် -၁၉ ကူးစက်မှုနှုန်းမှာ ဆက်လက် တိုးမြင့်နေပြီး ကူးစက်ခံရသူပေါင်း ၂၇ သန်းရှိလာကာ သေဆုံးသူနှုန်းမှာ ၈၈၀၀၀၀ ကျော်လွန်လာပြီဖြစ်သည်။ ပြင်သစ်၊ အစ္စရေးနှင့် ဩစတြေးလျနိုင်ငံတို့မှာ မကြာသေးမီ ရက်များအတွင်း ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီး ကိုဗစ် -၁၉ ထိန်းချုပ်နိုင်ရေး တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခဲ့သည်။

 

လူဦးရေများပြားလှသည် အိန္ဒိယနိုင်ငံတွင် ကမ္ဘာပေါ်၌ နေ့စဉ်ကူးစက်မှုနှုန်းမှာ အမြင့်ဆုံးဖြစ်နေပြီး စက်တင်ဘာ ၆ ရက်တွင် နောက်ထပ် ကူးစက်ခံရသူပေါင်း ၉၁၀၀၀ ရှိလာသည်။

 

ယခုအခါ တစ်နိုင်ငံလုံးအနှံ့ ကူးစက်ခံရသူပေါင်း ၄ ဒသမ ၂ သန်း ရှိလာပြီး ဘရာဇီးနိုင်ငံကို ကျော်လွန်ကာ ကမ္ဘာပေါ်တွင် ကိုဗစ်- ၁၉ ကူးစက်ခံရမှု ဒုတိယအမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အမေရိကန်သည် ကူးစက်မှုပေါင်း ၆ ဒသမ ၂၅ သန်း ဖြင့် ကူးစက်မှုအမြင့်ဆုံးဖြစ်သည်။

 

သို့သော်လည်း ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် အိန္ဒိယ၏ စီးပွားရေးလုပ်ငန်းမှာ ထိခိုက်လာခဲ့ရသည်။ နယူးဒေလီမြို့တွင် မြေအောက်ရထား ပြေးဆွဲမှုကို စက်တင်ဘာ ၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

 

ငါးလကြာ ပိတ်ထားပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အခြားမြို့ပေါင်း ၁၂ မြို့တွင်လည်း မြေအောက် ရထားစနစ်များကို ပြန်လည်စတင်နေပြီ ဖြစ်သည်။

 

အေအက်ဖ်ပီ