အိန္ဒိယနိုင်ငံတောင်ပိုင်း လူနေအဆောက်အဦမီးလောင်မှုကြောင့် ခြောက်ဦးသေဆုံး

နိုဝင်ဘာ ၁၃

အိန္ဒိယနိုင်ငံတောင်ပိုင်း တယ်လန်ဂါနာပြည်နယ်ရှိ လူနေအဆောက်အဦတစ်လုံး မီးလောင်မှုကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးပြီး အခြားလူအနည်းငယ်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ဟိုက်ဒရာဘတ်မြို့တွင် ယမန်နေ့ညနှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများသည် ဒေသတွင်းဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေ ဆိုးရွားမှု မရှိကြောင်း သိရသည်။

ထိုမီးလောင်ကျွမ်းမှုကိုငြှိမ်းသတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သည်ဟု မီဒီယာကဖော်ပြထားသည်။

မီးလောင်မှုဖြစ်ပွားချိန်က ထိုအဆောက်အဦအတွင်းတွင် လူ ၂၀ ခန့်ရှိနေပြီး သတိလစ်နေသူ ၁၁ ဦးထက်မနည်းကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသတွင်းမီးသတ်တပ်ဖွဲ့ အကြီးတန်းအရာရှိက ပြောကြားသည်။

အဆောက်အဦ၏ပထမထပ်မှစတင်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းပထမထပ်တွင် ဓာတုပစ္စည်းများ သိုလှောင်ထားသည်ဟု သိရသည်။ ထို့နောက် အပေါ်ထပ်သို့မီးကူးစက်လောင်ကျွမ်းသွားသည်။

မီးလောင်မှုကနဦးထုတ်ပြန်ချက်တွင် ကားတစ်စီးပြင်နေစဉ် မီးပွင့်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုများထပ်မံလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို