အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များပြိုကျ၊ သေဆုံးသူ ၁၅ ဦးရှိ

၂ ဒီဇင်ဘာ


အိန္ဒိယနိုင်ငံတောင်ပိုင်း တာမီးလ် နာဒူ ပြည်နယ်တွင် ယနေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်သုံးလုံးပြိုကျပြီး အမျိုးသမီး ၁၀ ဦးနှင့်အမျိုးသား သုံးဦးအပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။


တာမီးလ် နာဒူ ပြည်နယ် ချန်နိုင်း မြို့တော် အနောက်တောင်ပိုင်း ကီလိုမီတာ ၅၂၀ အကွာ ကွမ်ဘာတိုးခရိုင်ရှိ မတ်တူပါလာရာလမ်မြို့အနီး နာဒါကျေးရွာ ၌ လူနေအိမ်များ ပြိုကျခဲ့သည်။


ယနေ့မနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ ပြိုကျခဲ့ခြင်းကြောင့် မိန်းကလေးငယ် တစ်ဦး၊ ယောက်ျားလေး တစ်ဦး၊ အမျိုးသား သုံးဦး နှင့် အမျိုးသမီး ၁၀ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ကြောင်း နှင့် ယင်းနေရာမှ အလောင်းများကို ထုတ်ယူရန် ၎င်းတို့အဖွဲ့ကြိုးစားနေကြောင်း ကွမ်ဘာတိုးခရိုင်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ဖုန်းဖြင့်ပြောကြားခဲ့သည်။


အဆိုပါ နေရာသို့ ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အလျင်အမြန်သွားရောက်၍ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။


အချို့သောအလောင်းများကို ပြန်လည်ရရှိခဲ့ပြီး အခြားသောအလောင်းများကို ရှာဖွေနေဆဲဖြစ်ကြောင်းနှင့် လူနေအိမ်များပြိုကျချိန်တွင် ၎င်းတို့မှာ အိပ်ပျော်နေဖွယ် ရှိကြောင်း ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။


တာမီးလ် နာဒူ နှင့် အိမ်နီးချင်း ပူဒူချယ်ရီ မြို့ နေရာတော်တော်များများတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို