အိန္ဒိယနှင့်ဆက်သွယ်ထားသော အဓိကကျသည့် ရထားပြေးဆွဲမှု ပါကစ္စတန်ခေတ္တရပ်ဆိုင်းထား

၉ သြဂုတ်


အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက ရုပ်သိမ်းလိုက်ပြီးနောက် အိန္ဒိယနှင့် ဆက်သွယ်ထားသော အဓိကကျသည့် ရထားပြေးဆွဲမှုကို ဆိုင်းငံ့ထားခဲ့ကြောင်း ပါကစ္စတန် က ဆိုသည်။


အဆိုပါ ရထားသည် ပါကစ္စတန်နိုင်ငံအရှေ့ဘက် လာဟိုးမြို့ နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော် ကို ချိတ်ဆက်ပြေးဆွဲသောရထားဖြစ်သည်။  နှစ်နိုင်ငံအကြား ကက်ရှ်မီးယားအရေးနှင့်ပတ်သက်ပြီး တင်းမာမှုများ ဖြစ်ပွားသည့် အချိန်တိုင်း ထိုရထားပြေးဆွဲမှု ရပ်နားထားခဲ့သည်။


ဂျမူး နှင့်  ကက်ရှ်မီးယား ပြည်နယ်၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကို ပြန်လည်ရုပ်သိမ်းပြီးနောက် နှစ်ရက်အကြာတွင် ပါကစ္စတန်အစိုးရ က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုပြည်နယ်သည် ၁၉၄၉ ခုနှစ်မှစတင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ရရှိခဲ့သည်။


ပါကစ္စတန်အစိုးရက အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးကို အဆင့် လျှော့ချရန်အစီအစဉ်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။၎င်းနိုင်ငံ၏ သံအမတ် ကို ပြန်လည်ဆင့်ခေါ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ကို ဆိုင်းငံ့ထားသည်။


ထိုနှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုသည်  နောက်တစ်ကြိမ်ထပ်မံပေါက်ကွဲလာနိုင်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။


ကိုးကား - အန်အိတ်ချ်ကေ


ဘာသာပြန်- မြင့်မြင့်ချို