၁၀ ဖေဖော်ဝါရီ
၂၀၁၉ Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အီရန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စုဒုတိယနေ့အဖြစ် မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် မြန်မာအသင်းနှင့် အီရန်အသင်း၊ မြန်မာစံတော်ချိန် ည ၈ နာရီတွင် အိမ်ရှင်အိန္ဒိယနှင့် နီပေါအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၉ ရက်က ကျင်းပသည့် အုပ်စုပထမနေ့တွင် မြန်မာနှင့် အိန္ဒိယအသင်းတို့ အနိုင်ရခဲ့ပြီး ဒုတိယနေ့တွင်သာ ထပ်မံအနိုင်ရပါက ဗိုလ်လုပွဲသို့ စောစီးစွာတက်ရောက်နိုင်မည်ဖြစ်သည်။ ပထမနေ့တွင် မြန်မာအသင်းက နီပေါအသင်းကို သုံးဂိုးပြတ်အနိုင်ရပြီး အိန္ဒိယအသင်းက အီရန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးက''နိုင်ပွဲရယူနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ ဒါပေမဲ့အသင်းအနေနဲ့ ပထမပိုင်းကစားပုံ မကောင်းသေးဘဲ ဂိုးရပြီးမှ ကစားပုံတည်ငြိမ်လာတာပါ။ လာမယ့်ပွဲတွေမှာ အသင်းရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်သွားမှာပါ။ အိုလံပစ်ခြေစစ်ပွဲအတွက် ပြင်ဆင်ဖို့အပြင် ဒီပြိုင်ပွဲမှာလည်း အောင်မြင်မှုရဖို့ ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။
ယင်းပြိုင်ပွဲတွင် မြန်မာ၊ အိန္ဒိယ၊ အီရန်၊ နီပေါအသင်းတို့ ယှဉ်ပြိုင်နေပြီး ပတ်လည်စနစ်ဖြင့်ကျင်းပကာ အမှတ်အများဆုံးနှစ်သင်း ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ


