အိန္ဒိယပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား

နယူးဒေလီ ၊ ၂ ဇန်နဝါရီ

အိန္ဒိယအစိုးရသည် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး မည်ဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဟားရှ်ဗာဒန်က ယနေ့ပြောကြားသည်။

မြို့တော်နယူးဒေလီရှိ ပြည်သူများသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရမလား၊ အခြားပြည်နယ်နှင့် ဒေသများရှိ ပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အစီအစဉ်ရှိ၊ မရှိ သတင်းထောက်များက မေးမြန်းရာတွင် ကျန်းမာရေးဝန်ကြီးဗာဒန်က ဒေလီမြို့ရှိ ပြည်သူများသာမက နိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် အစီအစဉ်ရှိကြောင်း ဖြေကြား လိုက်သည်။

အိန္ဒိယအစိုးရသည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစုလိုက်အပြုံလိုက်ထိုးနှံပေးမှုမတိုင်မီ ယနေ့အစောပိုင်းက နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေးထိုးနှံမှုအစမ်းလေ့ကျင့်မှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေး ဝန်ကြီး ဗာဒန်ကိုယ်တိုင်က အဆိုပါ အစမ်းလေ့ကျင့်မှုကို ပြန်လည်သုံးသပ်ရန် ဒေလီမြို့ရှိ ဆေးရုံတစ်ရုံသို့ ရောက်ရှိနေကြောင်း သိရသည်။

ကာကွယ်ဆေး၏ လုံခြုံမှုနှင့် အစွမ်းထက်မြက်မှုနှင့် ပတ်သက်၍ လွဲချော်ပြီး ကောလာဟလ ပြောဆိုချက်များကို မယုံမိကြရန် မိမိအနေဖြင့် ပြည်သူများအား တောင်းပန်လိုကြောင်း၊ အိန္ဒိယနိုင်ငံတွင် ပိုလီယိုကာကွယ်ဆေး ထိုးနှံမှုအတောအတွင်းမှာလည်း အလားတူ ကောလာဟလသတင်းအမျိုးမျိုး နိုင်ငံတစ်ဝန်းပျံ့နှံ့ခဲ့ကြောင်း၊ သို့သော် ပြည်သူများအနေဖြင့် ပိုလီယိုကာကွယ်ဆေးကို လက်ခံပြီး ထိုးနှံခဲ့ကြသောအခါ ယခုအခါ အိန္ဒိယနိုင်ငံ သည် ပိုလီယိုရောဂါကင်းစင်သောနိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဗာဒန်က ပြောကြား သည်။

အိန္ဒိယဗဟိုအစိုးရသည် ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသုံးပြုရန် အတည်ပြု ထောက်ခံခဲ့ပြီးနောက် ယင်းကာကွယ်ဆေးထိုးနှံမှုကို ယခုလမှ စတင်ရန် မျှော်လင့်လျက်ရှိသည်။ အိန္ဒိယအစိုးရသည် လာမည့်ခြောက်လမှ ရှစ်လအတွင်း ပြည်သူသန်း ၃၀၀ ခန့်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ