အိန္ဒိယထိန်းချုပ်ထားသော ကက်ရှမီးယားတွင် ပစ်ခတ်မှုဖြစ်ပွား

၁၀ ဖေဖော်ဝါရီ

 


မငြိမ်မသက်ဖြစ်နေသည့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှမီးယားတွင် စစ်သွေးကြွများနှင့် အိန္ဒိယ စစ်တပ်များအကြား ယနေ့ပစ်ခတ်မှုပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 


ထိုပစ်ခတ်မှုမှာ အိန္ဒိယထိန်းချုပ်ထားသော ကက်ရှမီးယား နွေရာသီမြို့တော်ဖြစ်သော သီရိနာဂါ မြို့တော်၏ တောင်ဘက် ၇၃ ကီလိုမီတာအကွာရှိ ကူဂမ်ခရိုင် ဒက်ပ်စာ ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 


ဒက်ပ်စာကျေးရွာတွင် ယနေ့မနက်ပိုင်းက အစိုးရတပ်ဖွဲ့နှင့် စစ်သွေးကြွများအကြား ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ကြောင်း ကူဂမ်ရှိ အကြီးတန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

 


အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် စစ်သွေးကြွ နှစ်ဦး၊ သုံးဦး ပိတ်မိနေသည်ဟု ယူဆရသည်။

 


နောက်ဆုံးထုတ်ပြန်ချက်အရ အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

 


ထိုဒေသတွင် ၁၉၈၉ ခုနှစ်နောက်ပိုင်း အိန္ဒိယတပ်ဖွဲ့များနှင့် စစ်သွေးကြွများအကြား ပြောက်ကျားတိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို