အိပ်ယာထဲမှာ ဘာကြောင့် ရှူးရှူးပေါက်ချမိတာလဲ

၉ ဩဂုတ်

 

ကလေးတို့အားလုံး ကျောင်းလည်းမတက်ရသေးတော့ ပျင်းနေကြပြီလား။ မိုးကလည်းရွာနေတော့ ဇိမ်ကျနေကြပြီ မဟုတ်လား။ ဒါနဲ့ကလေးတို့ အိပ်နေရင်း ရှူးရှူးပေါက်ချမိဖူးလား။ ကလေးပိစိကွေးလေးတုန်းကတော့ ပေါက်ချမိမှာ ပေါ့နော်။ အသက်ကြီးတဲ့ ကလေးကြီးတွေကတော့ အိပ်ရာပေါ်မှာ ရှူးရှူးမပေါက်ချတော့ဘူးလေ။ မမက ဒီတစ်ပတ်မှာ ပိစိကွေးမဟုတ်တော့တာတောင် ရှူးရှူးထွက်တဲ့ ကလေးလေးတို့အကြောင်းကို နည်းနည်းပြောပြမယ်နော်။

 

အိပ်ရာထဲမှာ ရှူးရှူးထွက်ကျတာကို Bed-Wetting လို့ ခေါ်ပါတယ်။ ငယ်ငယ်တုန်းက အနှီးထုပ်ကလေးဘ၀မှာတော့ မေမေတို့က မငြိုငြင်ဘဲ ကလေးတို့ရဲ့ အညစ်အကြေး တွေကို သန့်ရှင်းပေးကြတာပေါ့။ ဒါပေမယ့် နည်းနည်း အရွယ်ရလာပြီး သိတတ်လာတဲ့အခါ အိမ်သာခွက်မှာ ရှူးရှူးပေါက်တတ်အောင် လေ့ကျင့်ပေးကြပါတယ်။ ဒါပေမယ့် အချို့ကလေးကြီးတွေကတော့ အသက် ၁၀ နှစ် လောက်အထိ အိပ်နေရင်း ရှူးရှူးတွေပေါက်ချတော့ မေမေတို့တွေ စိတ်ညစ်ပြီး ဆူတာခံရတာပါပဲ။ ကလေးတို့ ရော ပေါက်ချနေသေးလား။

 

အမှန်က မွေးစကနေ အသက် ၇ နှစ်အောက် ကလေး တွေ အိပ်ရာထဲမှာ ရှူးပေါက်ချတာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ ကလေးတို့ရေ။ အသက် ၇ နှစ်ကျော်လာပြီဆိုရင်တော့ မပေါက်ချသင့်တော့ဘူးပေါ့။ ဒါပေမယ့် အချို့ကလေးတွေက ဆယ်ကျော်သက်အထိ အိပ်ရာထဲ ရှူးပေါက်ချနေတာကို မမ တွေ့ဖူးတယ်။ အဲဒီလိုဖြစ်တဲ့ အကြောင်းတရားတွေ ကလည်း အများကြီးရှိပါတယ်။ အများစုကတော့ အိပ်ခါနီး ရေတွေသောက်၊ အစားစားသူတွေနဲ့ အိပ်ရာမဝင်ခင် ရှူးရှူးမပေါက်မိသူတွေပေါ့။ နောက် တစ်ခုက နေ့ခင်းဘက်မှာ ဒေါသတွေ ထွက်တာ၊ စိတ်လှုပ်ရှားစရာတွေ့တာ တွေရှိရင်လည်း ညဘက်မှာယောင်ရမ်း ပြီး ရှူးပေါက်ချတတ်ပါသတဲ့။ နောက် တစ်ခုကတော့ အိပ်ပျော်နေရင်း ဆီးအိမ်ကြီးတင်းလာတဲ့အခါ ဦးနှောက်ရဲ့ စေ့ဆော်မှုအရ စွန့်ထုတ်လိုက်တာပါတဲ့။ နောက်ဆုံးတစ်ခုကတော့ မိဘတွေရန်ဖြစ်တာ၊ အဆင်မပြေတဲ့ မိသားစုအခြေအနေကြုံတာ၊ လိုချင်တာတွေကို မရတာမျိုးကြုံရတဲ့ကလေး တွေက စိတ်ခံစားမှုပြင်းထန်ပြီး ရှူးရှူးထွက်ကျတာပါတဲ့။

 

ဒါက ရောဂါတစ်ခုတော့မဟုတ်ပါဘူးတဲ့ ကလေးတို့ရေ။ စိုးရိမ်စရာလည်းမကောင်းသလို ကျန်းမာရေးအတွက် လည်း အများကြီးမထိခိုက်ပါဘူးတဲ့။ ဒါပေမယ့် ကလေး တို့ မေမေတို့ကတော့ အလုပ်ပိုတာပေါ့ကွယ်။ အဝတ် အထည်နဲ့ အိပ်ရာခင်းတွေကို ခဏခဏလျှော်ဖွပ်ကြ ရတာကိုး။

 

ကာကွယ်ရမယ့် အလွယ်ဆုံး နည်းလမ်းတွေလည်း ရှိပါတယ်။ အဲဒါက အိပ်ခါနီး ရေတွေအများကြီးသောက်တာမျိုး၊ အစားတွေအများကြီးစားတာမျိုးကို ရှောင်ကြဉ်ရမှာပါ။ အိပ်ရာဝင်ခါနီးတိုင်း သွားတိုက်၊ ဆီးသွားတာမျိုး လေ့ကျင့် ယူရမယ်။ နောက်တစ်ခုက စိတ်ညစ်စရာတွေကိုတွေးပြီး မအိပ်ကြဘဲ ပျော်စရာတွေကိုပဲ တွေးပြီးအိပ်ကြနော်။ နှိုးစက်နာရီလေးထားပြီး အချိန်နဲ့ရှူးရှူးပေါက်ဖို့ သတိထား နိုင်ရင်လည်း ရပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးတစ်မျိုးလည်း ဝယ်သောက်လို့ရနိုင်ပါသေးတယ်။ ကဲ ကလေးတို့ လည်း အိပ်နေရင်း ရှူးရှူးထွက်ကျတတ်တယ်ဆိုရင် လေ့ကျင့်ကြည့်ပါဦးနော်။

 

ကေ - ဂျူဝယ်လ်