Air KBZ လေကြောင်းလိုင်းတွင် ပျံသန်းမည့် ATR-72-600 (2019 Model) လေယာဉ်သစ်တစ်စင်း ရောက်ရှိ

ရန်ကုန် ၁၇ ဇွန်

 

ပြည်တွင်းခရီးသွားလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်၊ ပြည်တွင်း၊ ပြည်ပခရီးသွားများ သွားလာမှုလွယ်ကူစေရန်အတွက် Air KBZ Ltd သည် ပြည်တွင်းလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိပြီး ကိုးစင်းမြောက် ATR-72-600 (2019 Model) လေယာဉ်သစ်တစ်စင်းသည် ယနေ့ညနေပိုင်းက လေယာဉ်ထုတ်လုပ်သည့် ပြင်သစ်နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

 

Air KBZ လေကြောင်းလိုင်းကို ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များကို ၂၀၁၁ ခုနှစ် ဧပြီ ၂ ရက်မှစ၍ ပျံသန်းပြေးဆွဲလျက်ရှိကာ ယခုရောက်ရှိလာသည့် ATR-72-600 လေယာဉ်သစ် တစ်စီးအပါအဝင် ATR-72-600 ရှစ်စီး၊ ATR-72-500 တစ်စီး၊ စုစုပေါင်း လေယာဉ် ကိုးစီးရှိသွားပြီဖြစ်ကာ ခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။

 

ထပ်မံဝယ်ယူထားသည့် ATR-72-600 လေယာဉ်သစ်တစ်စင်းမှာ ဇွန် ၂၂ ရက်တွင် ထပ်မံရောက်ရှိလာမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများပြားသည့်ကာလသို့ ရောက်ရှိလာပါက ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် Air KBZ လေကြောင်းလိုင်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်သည်။

 

Air KBZ လေကြောင်းလိုင်းသည် Myanmar Airways International (MAI) လေကြောင်းလိုင်းနှင့် အကျိုးတူ ပူးပေါင်းပျံသန်းခြင်းကို ၂၀၁၅ ခုနှစ်မှစ၍ ဆောင်ရွက်ကာ ပြည်တွင်းခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲလျက်ရှိပြီး မကြာမီကာလတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံရှိ အင်ဖာမြို့နှင့် ထိုင်းနိုင်ငံရှိ ချင်းမိုင်မြို့၊ ဆူရတ်သန်နီ စသည့်မြို့များသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

သတင်း-ဖိုးသော်ဇင် ဓာတ်ပုံ-စိုးညွန့်