အို - ရာပြည့်မိခင် ရန်ကုန်တက္ကသိုလ်

စိန်မောင်တင်

မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းတွင် အဆင့်မြင့်ပညာ သင်ကြားရေးအတွက် အင်္ဂလိပ်ကိုလိုနီ အစိုးရလက်ထက်၌ ပထမဆုံး တည်ထောင်ဖွင့်လှစ်ခဲ့သော ကျောင်းသည်ရန်ကုန်တက္ကသိုလ်ဖြစ်သည်။

စတင်ဖွင့်လှစ်

အင်္ဂလိပ်ကိုလိုနီအစိုးရသည် ၁၈၅၂ ခုနှစ်၌ ဒုတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကို သိမ်းပိုက်၍ ရန်ကုန်မြို့၌ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံဖြစ်သော ရန်ကုန်ကောလိပ်(Rangoon College) ကို ၁၈၇၈ ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၀၆ ခုနှစ်၌ အစိုးရကောလိပ် (Government College) ဟူ၍လည်းကောင်း၊ ၁၉၂၀ ပြည့်နှစ်မတိုင်မီ ကာလ၌ ယူနီဗာစတီကောလိပ်ဟူ၍ အဆင့်ဆင့် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်၌ ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြဋ္ဌာန်း၍ ယူနီဗာစတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ကို ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်များအဖြစ်ထားရှိပြီး သီးခြားလွတ်လပ်သော တက္ကသိုလ်အဖြစ် ၁၉၂၀ ပြည့်နှစ်ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ တက္ကသိုလ်ကို စတင်ဖွင့်လှစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့၌ပင် တက္ကသိုလ်ကျောင်းသား ကျောင်းသူကြီးများက ယင်းအက်ဥပဒေအား လက်မခံနိုင်၍ မကျေနပ်သောကြောင့် ထိုသူတို့ကိုယ်တိုင် ဦးဆောင်သပိတ်မှောက်ခဲ့သည်။ အထက်ပါကျောင်းသား သပိတ်ကြီးနှင့်အတူ ပေါက်ဖွားလာသည်မှာ “အမျိုးသား ကျောင်း” များဖြစ်သည်

ထိုစဉ်က “အမျိုးသားကောလိပ်” ဟူ၍ ထူထောင်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ရေရှည်မရပ်တည်နိုင်ခဲ့ပေ။ သို့ရာတွင်ဗမာပြည်၏ အနယ်နယ်အရပ်ရပ်ရှိ အမျိုးသားကျောင်းများသည် ၁၉၆၅ ခုနှစ်ဧပြီလ ၁ ရက်နေ့၌ တော်လှန်ရေးကောင်စီ အစိုးရက ကျောင်းများအားလုံးကို ပြည်သူပိုင်သိမ်းသည့် အချိန်တိုင်အောင် ရှင်သန်ရပ်တည်လျက် မျိုးချစ်စိတ်ဓာတ်ပြည့်ဝ၍ တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့သည်။

နှစ်တစ်ရာပြည့်အခါသမယသို့

၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်၊ မြန်မာ့ရုပ်ရှင်၊ မြို့မအမျိုးသားကျောင်းတို့သည် နှစ်တစ်ရာ ပြည့်အချိန်အခါသမယသို့ ရောက်ရှိပေတော့မည်။ မြန်မာ့ရုပ်ရှင်ခရီး နှစ်တစ်ရာပြည့် အကြိုအစီအစဉ်များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်၍ စတင်လှုပ်ရှား ဆောင်ရွက်နေဆဲဖြစ်သည်။ ထို့အတူရန်ကုန်မြို့ရှိ မြို့မအမျိုးသား အထက်တန်းကျောင်းနှင့် မြို့မအမျိုးသမီးအထက်တန်းကျောင်း အ.ထ.က (၂)ဒဂုံနှင့် အ.ထ.က(၃)ဒဂုံ တို့ကလည်း ရာပြည့်သဘင်အကြိုအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပါသည်။၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ ရန်ကုန်မြို့ မြို့မအမျိုးသားအထက်တန်း ကျောင်း - အ.ထ.က(၂)ဒဂုံမြို့နယ်၌ ရန်ကုန်မြို့ပြ အမွေအနှစ်အဖွဲ့ (Yangon Heritage Trust) က အပြာရောင်ကမ္ပည်းပြား (The Blue Plaque) ကိုတပ်ဆင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်(အမျိုးသားနေ့)၌ပင် ရာပြည့်အကြို အခမ်းအနား ကျင်းပ၍ မဂ္ဂဇင်းနှင့် ပြက္ခဒိန်၊ အထိမ်းအမှတ်ပစ္စည်းများကို ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။

မွေးထုတ်ပေးခဲ့သောထင်ရှားသူများ

ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ပွဲတော်ကြီးနှင့်ပတ်သက်သော လှုပ်ရှား ဆောင်ရွက်မှုများ ရှိခဲ့ပါသည်။ ပြင်ပပုဂ္ဂိုလ်များက ရာပြည့်အကြိုစာအုပ်များ ရေးသား ထုတ်ဝေခြင်း၊ ကျောင်းသား ကျောင်းသူဟောင်းများက အမှတ်တရစာအုပ်များ ထုတ်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။ စိတ်ပညာအသင်းကြီးက ကြီးမှူး၍ ပညာရေးဝန်ကြီးဟောင်း၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း၊ စိတ်ပညာပါမောက္ခဟောင်း ဒေါက်တာကျော်စိန်ဦးဆောင်လျက် ၂၀၁၂ ခုနှစ် မတ်လ ၃ ရက် (စနေနေ့)က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ည ၇ နာရီမှည ၁၂ နာရီအထိ ကျင်းပခဲ့သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ဂီတပဒေသာကပွဲကြီး “တစ်ခါတုန်းက တက္ကသိုလ်” တစ်ခုလည်း ထူးခြားစွာပေါ်ထွက်လာခဲ့သည်။ တစ်ဖန် ရန်ကုန်တက္ကသိုလ် အနုပညာအသင်းက ကြီးမှူး၍ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (တနဂငေ်္နွနေ့)၌ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့သည့် “လွမ်း ဆွတ်တမ်းတ၊ တက္ကသိုလ်ဘဝ” ဂီတပဒေသာကပွဲကြီးသည်လည်း ည ၇ နာရီမှ ည ၁၂ နာရီကျော်သည်အထိ ဖျော်ဖြေတင်ဆက်ခဲ့သော ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်ပွဲကြီးတစ်ခု ဖြစ်ခဲ့လေသည်။

ရန်ကုန်တက္ကသိုလ်နှင့် တွဲဖက်ထားသော ကောလိပ်များမှာ ဆေးကောလိပ်၊ အင်ဂျင်နီယာကောလိပ် စိုက်ပျိုးရေးကောလိပ်နှင့် ဆရာဖြစ်သင်ကောလိပ်တို့ဖြစ်သည်။ ၁၉၂၅ ခုနှစ်၌ မန္တလေးကောလိပ်ကို ရန်ကုန်တက္ကသိုလ် လက်အောက်ခံကောလိပ်အဖြစ် စတင်ထူထောင် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စည်းမျဉ်းနှင့်အညီ ၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ (Student Union) ကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ သူဌေးဦးညိုက ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ အဆိုပါကျောင်းသားသမဂ္ဂမှ နိုင်ငံ့ခေါင်းဆောင်များ၊ မျိုးချစ်ပုဂ္ဂိုလ်များကို မွေးထုတ်ခဲ့သည်။ (ပုံစံအားဖြင့်- ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့် စသည့် နိုင်ငံရေး ခေါင်းဆောင်များ)

 

mdn

 

အထိမ်းအမှတ် ကျောင်းသားပွဲတော်များ

ရန်ကုန်တက္ကသိုလ်သည် ဒုတိယကမ္ဘာစစ်ကြီးကို ကြံ့ကြံ့ခံ၍ကျော်ဖြတ်ခဲ့ရာ စစ်ပြီးကာလ ၁၉၄၅ ခုနှစ်၌ ငွေရတုသဘင်ကို ကျင်းပရန် အခွင့်မသာခဲ့ချေ။ ၁၉၄၇ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်ပြီး နောက်ပိုင်း၌ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်၍ ကျောင်းသားပွဲတော်များ ကျင်းပခဲ့ရာ ၁၉၆၀ ပြည့်နှစ်၌ ရန်ကုန်တက္ကသိုလ်နှစ် (၄၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျောင်းသားပွဲတော်ကို ကျင်းပခဲ့သည်။

၁၉၇၀ ပြည့်နှစ်၌ ရန်ကုန်တက္ကသိုလ်နှစ် (၅၀) ပြည့်ရွှေရတုသဘင်အဖြစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တက္ကသိုလ်နယ်မြေ၌ ကျင်းပခဲ့သည်။ ယင်းပွဲတော်၌ သုတေသနစာတမ်းဖတ်ပွဲများ၊ သိပ္ပံပြပွဲ၊ ဓာတ်ပုံမှတ်တမ်း ပြပွဲ၊ ပန်းချီနှင့် ဗိသုကာပြပွဲ (တက္ကသိုလ်ပုံရိပ်၊ ပုံကြမ်းများ)၊ ပဒေသာကပွဲများ (တက်ရောက်ဆဲ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား ကျောင်းသူဟောင်းများ)၊ အဆို၊ အတီးပြိုင်ပွဲများ (တက်ရောက်ဆဲကျောင်းသား ကျောင်းသူများ)၊ ပြင်ပအငြိမ့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့လေသည်။ ထို့အပြင် ရွှေရတုသဘင် အထိမ်းအမှတ် အမှတ်တရပစ္စည်းများ-ပို့စကတ် ရှစ်မျိုးနှင့်ပြက္ခဒိန်တို့ကို ထုတ်ဝေရောင်းချခဲ့သည်။ ပဒေသာကပွဲများကို ဇာတ်စင်(၁)-ဆေးတက္ကသိုလ်(၁) မြက်ခင်းပြင်၊ ဇာတ်စင်(၂)-မန္တလေးဆောင်နှင့် အမရဆောင်အကြား ကွက်လပ်၊ ဇာတ်စင်(၃)-ဝိဇ္ဇာမြက်ခင်းပြင်တို့၌ တင်ဆက်ခဲ့သည်

စီးပွားရေးတက္ကသိုလ်နှင့် ဘွဲ့နှင်းသဘင်အကြားရှိ ကွက်လပ်၌ အဆိုပြိုင်ပွဲ၊ အတီးပြိုင်ပွဲ (မယ်ဒလင်၊ တယော၊ စောင်း၊ ပတ္တလား) တို့ကိုလည်းကောင်း၊ ပညာရေး တက္ကသိုလ်၌ ကောလိပ်မြိုင်အငြိမ့်၊ တက္ကသိုလ်စာတိုက်ရှေ့၌ ရွှေနှင်းဆီအငြိမ့်တို့ဖြင့်လည်းကောင်း ကျင်းပဖျော်ဖြေခဲ့သည်။ ကျောင်းသား ကျောင်းသူများ၏ အသင်းအဖွဲ့တို့က ဈေးဆိုင်ခန်းနှင့် ပျော်ရွှင်စရာ ကစားပွဲများကို အဓိပတိလမ်းမကြီး တစ်လျှောက်၌ လည်းကောင်း၊ ပြင်ပဈေးဆိုင်ခန်းများကို တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်ရှိ ရွှေရတုသဘင် မုခ်ဦးကြီးနှစ်ခုအကြား၌ လည်းကောင်း၊ ပညာရေးတက္ကသိုလ်ဝင်း၌ လည်းကောင်း ဖွင့်လှစ်ရောင်းချခဲ့ကြပေသည်။ ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာကျောင်းသား ကျောင်းသူများ က အဆိုပါ ရွှေရတုသဘင် မုခ်ဦးကြီးသုံးခု၏ ဒီဇိုင်းပုံစံကိုရေးဆွဲပြီး ကြိမ်နှင့်ဝါးနှစ်မျိုးတည်းသာ အသုံးပြုလျက် တည်ဆောက်ခဲ့ကြသည်။

စတင်ကျင့်သုံးခဲ့

မုခ်ဦးကြီးတစ်ခုမှာ တက္ကသိုလ်ရိပ်သာ လမ်းမကြီးပေါ်ရှိ ကမာရွတ်အဝိုင်းကြီး (ယခု ကမာရွတ်လမ်းဆုံမီးပွိုင့်) အနီးတွင်လည်းကောင်း၊ အခြားမုခ်ဦးကြီး တစ်ခုမှာ တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ် ရှိအင်းလျားလမ်းမီးပွိုင့် အနီးတွင်လည်းကောင်း၊ တတိယ မုခ်ဦးကြီးတစ်ခုမှာ အဓိပတိလမ်းမကြီး၏ ပင်မဝင်ပေါက်ထိပ်ရှေ့၌ လည်းကောင်း ဆောက်လုပ်ခဲ့သည်။ အဆိုပါ ရွှေရတုသဘင်ကြီး စတင်ကျင်းပသော ဒီဇင်ဘာ လ ၁ရက်၊ ၂ ရက်နေ့တို့၌ မိုးသည်းထန်စွာ ရွာသွန်းသည့်အကြားမှပင် ပွဲတော်လာပရိသတ်များ စည်ကားသိုက်မြိုက်စွာ အဆက်မပြတ် လာရောက်ကြသည်။ ဒီဇင်ဘာလ ၃၊ ၄၊ ၅ ရက်နေ့ တို့၌ ကြက်ပျံမကျစည်ကားလှသော်လည်း ၅ ရက်နေ့ ညပိုင်း၌ အကြောင်းကြောင်းကြောင့် ပွဲတော်ကြီးရပ်နားခဲ့ရပါသည်။ ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လက်ယာကပ်မောင်းစနစ် စတင်ကျင့်သုံးခဲ့ပါသည်

စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲတော်ကြီးကို ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၇ရက်နေ့အထိစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၁၉၉၅ ခုနှစ်ဇွန်လမှစတင်၍ ဒီဇင်ဘာလကုန်သည်အထိ လစဉ်အဆက်မပြတ် ကျင်းပခဲ့သည်။ နေ့ကျောင်းသား ကျောင်းသူများအလိုက် လည်းကောင်း၊ အဆောင်လိုက်လည်းကောင်း လက်ရှိမျိုးဆက်သစ် ကျောင်းသား ကျောင်းသူများနှင့် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်ကျောင်းသား ကျောင်းသူဟောင်းကြီးများ၏ တွေ့ဆုံပွဲများ၊ ညစာစားပွဲများ၊ ငွေပဒေသာပင်စိုက်ထူပွဲများ၊ အမှတ်တရအထိမ်းအမှတ် သစ်ပင်စိုက်ပွဲများ ကျင်းပခဲ့ရာ ပျော်ရွှင်ကြည်နူးစွာ ငယ်ဘဝပုံရိပ်များဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပေသည်။ ထို့အပြင် ရန်ကုန်တက္ကသိုလ် အမှတ်တရ ဟောပြောပွဲများ၊ ဘာသာရပ်အလိုက် သုတေသန စာတမ်းဖတ်ပွဲများ၊ နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲများကို ကျင်းပခဲ့သည်။ ကျောင်းသား ကျောင်းသူဟောင်း ကြီးများအား သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့သည်။ တက္ကသိုလ်မှတ်တမ်းများပြပွဲတွင် တက္ကသိုလ်တံဆိပ်များ၊ ဘွဲ့ဝတ်စုံများ၊ ဘွဲ့လက်မှတ်များ၊ မှတ်တမ်းဓာတ်ပုံများကိုပြသခဲ့သည်။ အမျိုးသားဇာတ်ရုံ၌ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်

ဖွင့်လှစ်ရောင်းချ

တက္ကသိုလ်မောင်နှင့် ကာယအလှမယ် ပြိုင်ပွဲနှင့်အခြားအားကစားပြိုင်ပွဲများကို လည်းကောင်း၊ ဂုဏ်ပြု တေးသီချင်းပြိုင်ပွဲ၊ စာပေ-ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတို့ကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။ ပျော်ပွဲရွှင်ပွဲများ အနေဖြင့် ပဒေသာကပွဲ၊ ရုပ်ရှင်ရက်သတ္တပတ်ပြပွဲ၊ ဆိုင်ခန်းများ ရောင်းချခြင်းတို့ပြုလုပ်ခဲ့သည်။ တက္ကသိုလ်ကောလိပ်များမှ အသင်းအဖွဲ့များက စိန်ရတုသဘင်အဆောက်အဦပတ်လည်၌ ဆိုင်ခန်းပေါင်း ၈၀ ကျော်ဖွင့်လှစ်ရောင်းချခဲ့သည်။ ရုပ်ရှင်ရက်သတ္တပတ်ပြပွဲကို နဝဒေးရုပ်ရှင်ရုံ၌ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ပြသခဲ့ရာ “ပန်းတွေနဲ့ဝေ” အစရှိသည့် ရုပ်ရှင်ဇာတ်ကားများ၊ မြန်မာ့ရုပ်မြင်သံကြားမှလည်း “ကောလိပ်ဂျင်” အစရှိသည့် ဇာတ်ကားများကို ပြသခဲ့သည်။ တက္ကသိုလ်စာတိုက် ရှေ့ကွက်လပ်၌ စာအုပ်ဆိုင်ကိုကျောပြု၍ ပဒေသာကပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့မှ၄ ရက်နေ့အထိ၊ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိနယ်တက္ကသိုလ်ကောလိပ်များနှင့် ရန်ကုန်မြို့ပေါ်ရှိတက္ကသိုလ်ကောလိပ်များမှ ကျောင်းသား ကျောင်းသူများက ပါဝင်တင်ဆက် ဖျော်ဖြေခဲ့ကြသည်

ရာပြည့်သဘင်ကြီး ကျင်းပနိုင်ရေး

ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ကျင်းပခဲ့စဉ်က အထိမ်းအမှတ်စာစောင် စာအုပ်ကြီးသုံးအုပ်နှင့် ပွဲတော်အတွင်း နေ့စဉ်လက်ကမ်းစာစောင်များ ထုတ်ဝေနိုင်ခဲ့ပါသည်။ အဆိုပါပွဲတော်ကြီးပြီးစီးသည့်အခါ မှတ်တမ်းစာအုပ်အဖြစ် မထုတ်ဝေနိုင်ခဲ့ပါ။ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲတော်ကြီး၌ ရန်ကုန်တက္ကသိုလ်သမိုင်းစာအုပ်၊ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်အထိမ်း အမှတ်စာစောင်အမှတ်(၁)၊ နိုင်ငံသမိုင်းသုတေသနစာစောင်၊ ရန်ကုန်တက္ကသိုလ် ရက်စွဲသမိုင်း၊ နေ့ကျောင်းသားများ မဂ္ဂဇင်း၊ မန္တလေးဆောင်ကျောင်းသားများ မဂ္ဂဇင်းနှင့် အခြားကျောင်းဆောင်အချို့ကလည်း အထိမ်းအမှတ်မဂ္ဂဇင်းများ၊ အခြားအဖွဲ့အစည်း အသီးသီးကလည်း စာစောင်များကို ထုတ်ဝေခဲ့ကြပါသည်။ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်အထိမ်းအမှတ် စာစောင် အမှတ်(၂)သည် ၁၉၉၆ ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ဝေခဲ့ရာ ပွဲတော်ကြီး၏ ဖြစ်စဉ်မှတ်တမ်းများကို စုစည်းဖော်ပြနိုင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် နိုင်ငံတကာနှင့် မြန်မာပြည်တွင်းရှိ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းကြီးများသည် စိတ်အား၊ လူအား၊ စေတနာအား၊ ငွေအား တို့ဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ရင်းဖြင့် တက္ကသိုလ်၊ ကောလိပ်များ၏ မိခင်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်ကြီး၏ ရာပြည့်သဘင်ကြီးကို စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပါစို့ဟူ၍ ဖော်ပြအပ်ပါသည်။

ကြေးမုံ