အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားများ အဆမတန် စုပြုံထားရှိသဖြင့် အခက်အခဲကြုံနေဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော် ဇွန် ၁၇

“အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားများကို သတ်မှတ်လူဦးရေထက် အဆမတန် စုပြုံထားရှိသဖြင့် အကျဉ်းသားများ အခက်အခဲကြုံနေရ” ခေါင်းစဉ်ဖြင့် Tachileik News Agency Facebook Page က ဇွန် ၇ ရက်တွင် ပြည်သူလူထုမှ အထင်အဖြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

Tachileik News Agency Facebook Page ၏ ဖော်ပြမှုသည် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ မန္တလေးဗဟိုအကျဉ်းထောင်တွင် ပင်မထောင်မကြီးနှင့် အသစ်ထပ်မံဆောက် လုပ်ထားသော ထောင်သစ်ဟူ၍ ထောင် (၂)ခုရှိပြီး အကျဉ်းသား တစ်ဦးလျှင် ၁၈ စတုရန်းပေနှုန်းဖြင့် လက်ခံထိန်းသိမ်းထားကာ လက်ခံနိုင်သည့် အင်အားထက် ပိုမိုခြင်းမရှိကြောင်း။

ဖြစ်စဉ်နှင့်် ပတ်သတ်၍ စိစစ်ရာတွင် ထိန်းသိမ်းထားရှိသော အကျဉ်းသား/သူ၊ အချုပ်သား/သူတို့အား အကျဉ်းထောင် လက်စွဲ ဥပဒေပါအတိုင်း အဝတ်အထည်များကို လိုအပ်သည့် အတိုင်းအတာအထိ ထားရှိရန် ခွင့်ပြုပေးထားပြီး အကျဉ်းထောင်မှ သတ်မှတ် အဝတ်အထည် နှုန်းထားအလိုက် ထုတ်ပေးထားရှိကာ အကျဉ်းထောင်အတွင်း အိပ်ဆောင်များတွင် အဝတ်လှမ်းစင်များ ပြုလုပ်ပေးထားသောကြောင့် လျှော်ဖွတ်ပြီး အဝတ်များကို ခြောက်သွေ့စေရန် အခက်အခဲမရှိ ဆောင်ရွက်နိုင်ကြောင်း အကျဉ်းထောင် တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။

ထို့အတူ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းထောင်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများဖြင့် အကျဉ်းသား/ အချုပ်သားများ၏ ကျန်းမာရေးကို စနစ်တကျ ကုသပေးလျက်ရှိကြောင်း၊ ပြင်ပလူသစ် ရောက်ရှိလာသည့် အခါတွင်လည်း ပွေး၊ ဝဲ၊ ယားနာများပါ/မပါ စစ်ဆေးပြီး ပါရှိလာပါကလည်း ကျန်းမာရေးဝန်ထမ်းများ ရှေ့မှောက်တွင် ဆေးစား/ဆေးလိမ်းခြင်းကို နေ့စဉ် ကြပ်မတ်ကုသပေးလျက်ရှိကြောင်း၊ အကျဉ်းသား/အချုပ်သား တစ်ဦးလျှင် နံနက်/ည ချိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးထားပြီး တစ်ဦးလျှင် သောက်ရေ၊ သုံးရေ တစ်နေ့ ၄၈ ဂါလန်ခန့် ရရှိသုံးစွဲနိုင်ကြောင်း၊ အဝတ်မခြောက်၍ အဝတ်မလုံလောက်၍ ဖြစ်ရသော ပွေး၊ ဝဲ၊ ယားနာ လူနာများမရှိကြောင်း သိရသည်။

အလားတူ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိကြောင်း၊ လတ်တလောတွင် အကျဉ်းသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုမရှိကြောင်း၊ ကိုယ်ဝန်ဆောင် အကျဉ်းသူ/ အချုပ်သူများ၊ ကလေးမိခင်များနှင့် ကလေးငယ်များအား သီးခြားအိပ်ဆောင်တွင် နေရာချထားပေးပြီး ဖြည့်စွက်အစားအစာ ကျွေးမွေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ နေ့စဉ် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့မှ တစ်လတစ်ကြိမ် အစားအသောက်နှင့် အဝတ်အထည်များ ပံ့ပိုးပေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်ပြီး လိုအပ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ကာလအလိုက် တိုက်ကျွေး/ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အစားအသောက် ဝေငှရာတွင်လည်းကောင်း၊ ချိုးရေ/သုံးရေ သုံးစွဲရာတွင် လည်းကောင်း သီးခြားဆောင်ရွက်ပေးခြင်းတို့ကြောင့် ကလေးများ၌ အပူနာ၊ မိတ်ဖုများ၊ အရေပြားရောဂါများ စွဲကပ်ခြင်းမရှိကြောင်း သိရှိရသည့်အတွက် Tachileik News Agency Facebook Page တွင် ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန်နှင့် ထင်ယောင်ထင်မှား ဖြစ်စေရန် အဖျက်အမှောက် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်သည်။

မင်းသူ