အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ရှုံးပွဲထပ်မံကြုံတွေ့

၆  ဖေဖော်ဝါရီ

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (က) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် နောက်ဆုံးအဆင့်ခြေစစ်ပွဲ တက်ရောက်ခွင့်အတွက် အဆုံးအဖြတ်ပွဲ ဖြစ်သောကြောင့် အားကုန်ထုတ် ကစားခဲ့သော်လည်း ရှုံးပွဲ ထပ်မံကြုံတွေ့ခဲ့သောကြောင့် နောက်ဆုံးအဆင့် ခြေစစ်ပွဲ တက်ရောက်ခွင့်နှင့် လွဲချော်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုပွဲအနိုင်ရပါက နောက်တစ်ဆင့် တက်ခွင့်ရှိမည်ဖြစ်သော်လည်း ဒုတိယပိုင်းတွင် ပေးလိုက်ရသည့်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် တောင်ကိုရီးယားအသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး အဓိကတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမှာမူ ဒဏ်ရာပြဿနာကြောင့် ဆက်လက်လွဲချော်ခဲ့သည်။ ဗီယက်နမ်အသင်းသည် အဖွင့်ပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း ခံစစ်အမှားမရှိသောကြောင့် ပထမပိုင်းတွင် ထိရောက်သည့် ဂိုးသွင်းခွင့်မရခဲ့ပေ။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဂိုးရနိုင်သည့် အခွင့်အရေး အချို့ရခဲ့သော်လည်း အသုံးမချနိုင်သောကြောင့် ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေသည်။ ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်းက ဂိုးပေါက် ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ၆၁ မိနစ်တွင် အနိုင်ဂိုးရခဲ့သည်။ ယင်းဂိုးကို ငိုသီဗန်ဆုက ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအမျိုးသမီးအသင်း ချေပဂိုးရရန် ကြိုးပမ်းလာပြီး ၆၈ မိနစ်တွင် ရီရီဦး အပိုင်ကန်ခွင့်ရသော်လည်း လွဲချော်ခဲ့၍ ချေပဂိုးနှင့် လွဲချော်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စုနှစ်ပွဲစလုံး အရေးနိမ့်ခဲ့သောကြောင့် တတိယအဆင့် ခြေစစ်ပွဲမှ ထွက်ခဲ့ရပြီဖြစ်ပြီး အုပ်စု (က) တွင် သုံးသင်းသာ ပါဝင်သောကြောင့် တစ်ပွဲစီ အနိုင်ရထားသည့် တောင်ကိုရီးယားနှင့် ဗီယက်နမ်အသင်းသည် ထိပ်တိုက် မတွေ့ဆုံမီကတည်းက နောက်ဆုံးအဆင့် ခြေစစ်ပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF