အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီကို အမေရိကန်က ပင်လယ်ပြင်၌ သင်္ဂြိုဟ်

mdn

ဝါရှင်တန် ၃၀ အောက်တိုဘာ

 
အမေရိကန်အရာရှိများက လွန်ခဲ့သော ရက်သတ္တပတ်အဆုံး အမေရိကန် ဦးဆောင်သည့် အထူးတပ်ဖွဲ့ စစ်ဆင်ရေးအတွင်း အိုင်အက်စ်အစွန်းရောက် အကြမ်းဖက်အုပ်စုခေါင်းဆောင် အဘူဘာကာဘဂ္ဂဒါဒီကို သုတ်သင်နိုင်ခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ပင်လယ်အောက်တွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် အောက်တိုဘာ ၂၉ ရက်က ဖော်ပြခဲ့သည်။


အကြမ်းဖက်မှုများဖြင့် အီရတ်နှင့် ဆီးရီးယား တစ်နံတစ်လျား ငါးနှစ်ကြာ အုပ်ချုပ်မှုများ၏ နောက်ကွယ်မှ တရားခံကို နှစ်ပေါင်းများစွာကြာအောင် စုံစမ်း ထောက်လှမ်းပြီးနောက် အမေရိကန်က အကြမ်းဖက်ခေါင်းဆောင် ဘဂ္ဂဒါဒီကို ထောက်လှမ်းနိုင်ခဲ့ခြင်း၏ အဓိကအချက်မှာ ဆီးရီယားမှ ကာ့ဒ်တပ်ဖွဲ့ဝင်များကြောင့် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။


၎င်းအား ဖမ်းဆီးရမိရေး စီးနင်းမှုအတွင်း အမေရိကန်စစ်လေ့ကျင့်ရေး ခွေးတစ်ကောင်လည်း နာမည်ကြီးခဲ့သည်။ အဆိုပါခွေးသည် ဆီးရီးယား အနောက်မြောက်ပိုင်း ၎င်းခိုအောင်းရာ လိုဏ်ဂူအထိ ဘဂ္ဂဒါဒီအား ဒဏ်ရာများ ရရှိအောင် လိုက်လံတိုက်ခိုက်ခဲ့စဉ် ဘဂ္ဂဒါဒီသည် မိမိကိုယ်ကို ဗုံးဖောက်ခွဲခဲ့ပြီး အဆုံးစီရင်ခဲ့သည်။


အမေရိကန်တပ်ဖွဲ့သည် အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်အုပ်စုတို့၏ ခေါင်းဆောင်ကို နှိမ်နင်းနိုင်ခဲ့သည့် ၎င်းတို့၏ စစ်ဆင်ရေးအောင်မြင်ခဲ့မှုအတွက် ဂုဏ်ယူလျက်ရှိသည်။


၎င်းသေဆုံးမှုသည် အိုင်အက်စ်အကြွင်းအကျန်များ ပျက်သုန်းမှုကို ဦးတည်စေသည့် ထိုးနှက်ချက်ပင်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက မှတ်ချက်ပြုပြောကြားခဲ့သည်။


အေအက်ဖ်ပီ