အချစ်ဆုံး Crush ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၂၉ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၂၄ သြဂုတ်


အချစ်ဆုံး Crush ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၂၉ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ပြသသည့် ရုပ်ရှင်အထူးပြပွဲမှ သိရသည်။ 


အချစ်ဆုံး Crush ရုပ်ရှင်ဇာတ်ကားကို ဝတ္ထု စန္ဒာဝင်းထွန်း၊ ဇာတ်ညွှန်း နေနော်၊ ဒါရိုက်တာ အောင်ဇော်လင်း၊ အကယ်ဒမီ မြင့်မြတ်၊ အိချောပို၊ သင်ဇာဝင့်ကျော်၊ မေမြင့်မိုရ်၊ နေနော်၊ ကေညီ၊ ထူးသာ၊ စိန်သီး၊ ချောချော၊ တင်ဇာဝင်းပြည့်၊ ထက်မြင့်မိုရ်နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ထားသည်။ 


ဤဇာတ်ကားနှင့်ပတ်သက်၍ သရုပ်ဆောင် သင်ဇာဝင့်ကျော်က “Crush က ကိုယ်ရင်ထဲမှာ တစ်ကယ်ချစ်နေတဲ့သူကို သတ်မှတ်ထားတာပါ၊ ဒီကားထဲမှာ ကိုမြင့်မြတ်က ပွေတယ်၊ ကိုယ်က သူ့ကို လိုက်ရတဲ့ပုံစံမျိုး၊ သူကကိုယ့်ကို ကြိုက်လာအောင် သွေးဆောင်ဖြားယောင်း ရတဲ့ပုံစံမျိုး၊ အပြောအဆို အက်ရှင် အကြည့်တွေကအစ အရင်က အဲဒီလိုမလုပ်ဖူးတော့ ဒီမှာ ကြိုးစားထားရပါတယ်၊ အဓိက အချစ်ဇာတ်လမ်းပါ၊ မိန်းကလေးသုံးယောက်ရဲ့ မတူညီတဲ့ အချစ်တွေနဲ့ ချစ်ကြတဲ့ဇာတ်လမ်းပါ၊ ဒီထဲက ကာရိုက်တာလေးက ကိုယ့်ချစ်သူကို နားလည်မှုပေးတဲ့ချစ်သူ တစ်ယောက်အနေနဲ့ပါ၊ ပရိသတ်ကြီးလာရောက် ကြည့်ရှုပေးပါ၊ ဘယ်သူ့ကို အချစ်ဆုံးလဲဆိုတာ လာကြည့်ပေးပါ” ဟု ပြောသည်။ 


“Crush ဆိုတာနဲ့ပတ်သတ်လို့ ချစ်တာကို ရင်ဘတ်တွေနဲ့ချစ်ကြပါလို့ ပြောချင်ပါတယ်။ ငွေကြေးဥစ္စာတွေနဲ့ မချစ်ကြပါနဲ့။ ဖေ့စ်ဘွတ်ပေါ်မှာ မြင်နေရတဲ့အတိုင်း မချစ်သင့်တာတွေနဲ့ ချစ်မိရင် အသက်တွေပါပေးရမယ်။ ရင်ဘတ်တွေနဲ့ ချစ်စေချင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု သရုပ်ဆောင် စိန်သီးက ပြောသည်။ 


သန့်ဇင်ဝင်း