အခြေခံ ကျန်းမာရေး တက္ကသိုလ်(မကွေး) သက်တမ်း ၂၃ နှစ်အတွင်း ကျန်းမာရေး သိပ္ပံဘွဲ့ရ မောင်မယ် ၂၁၂၅ ဦး လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့

မကွေး ၂၉ ဇန်နဝါရီ

 

အခြေခံ ကျန်းမာရေး တက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက အခြေခံ ကျန်းမာရေး တက္ကသိုလ်(မကွေး) မြဧရာခန်းမ၌ ကျင်းပခဲ့သည်။

 

 

“မြန်မာနိုင်ငံနှင့် ဒေသအတွင်း ဦးဆောင်သော အခြေခံ ကျန်းမာရေး တက္ကသိုလ် တစ်ခုအဖြစ် ရပ်တည်ရန် ရည်မှန်းချက် (Vision)နှင့် အရည်အချင်း ပြည့်ဝသော အခြေခံ ကျန်းမာရေး ပညာရှင်များ မွေးထုတ်ရန်၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုကို နှီးနွယ်ဌာနများနှင့် ပူးပေါင်း၍ အပြည့်အဝ ပေးရန်နှင့် အရည်အသွေးရှိသော ပြည်သူ့အကျိုးပြု သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်ဟူသော လုပ်ငန်းတာဝန် (Mission)သုံးခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အခြေခံကျန်းမာရေး တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်တဲ့ ၁၉၉၅ ခုနှစ်မှ ယနေ့အထိ ကျန်းမာရေး သိပ္ပံဘွဲ့ရမောင်မယ် ၂၁၂၅ ဦးအပြင် အခြားလက်မှတ်ရ သင်တန်းသားများဖြစ်တဲ့ လက်ထောက် ကျန်းမာရေးမှူး ၁၄၂၆ ဦး၊ ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၁) ၁၅၁၁ ဦးနဲ့ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ၃၃၃၂ ဦးတို့ကို လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး ဖြစ်တဲ့အပြင် ဆေးတက္ကသိုလ်(မကွေး)မှ အလုပ်သင်ဆရာဝန် စုစုပေါင်း ၄၆၀၂ ဦးကိုလည်း လူထုကျန်းမာရေး ပညာရပ်အတွက် ကွင်းဆင်းလေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်တယ်”ဟု  အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာထင်ဇော်စိုးက ထည့်သွင်းပြောကြားသည်။

 

 

အခြေခံ ကျန်းမာရေး တက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား၏ ထူးခြားမှုအနေဖြင့် ကျန်းမာရေး မဟာသိပ္ပံဘွဲ့ရရှိသူ သုံးဦးကို သက်ဆိုင်ရာ ဘွဲ့လက်မှတ်များ အပ်နှင်းနိုင်ခဲ့ကာ ကျန်းမာရေး သိပ္ပံဘွဲ့ (အခြေခံ ကျန်းမာရေး) ရရှိသူ ၁၅၁ ဦးတို့အား ဘွဲ့လက်မှတ်များ အသီးသီး အပ်နှင်းခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)