အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးမည့် အာယုကျန်းမာရေး ပွဲတော်ကြီး ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်   ၃၀   စက်တင်ဘာ

 

ပြည်သူများ ကျန်းမာရေးဗဟုတ ကြွယ်ဝစေရန် ရည်ရွယ်၌ အာယု ကျန်းမာရေးပွဲတော်ကြီးကို ပထမဆုုံးအကြိမ်အဖြစ် ရန်ကုန်မြို့ အာယုအင်တာနေရှင်နယ် ဆေးရုံကြီးတွင် လာမည့် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပွဲကို ပိုမိုကျန်းမာပျော်ရွှင်သော လူမှုဘဝဆီသို့ ခေါင်းစဉ်ဖြင့် ကျင်းပသွားမှာဖြစ်ပြီး ခေတ်မီ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုများကို ပြည်သူများ လာရောက် လေ့လာနိုင်ရန်အတွက် ပွဲတော်ကျင်းပမည့် နေ့ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဝင်ကြေးအခမဲ့အနေဖြင့် ကျင်းပသွားမည်ဖြစ်သည်။

 

ပြပွဲကျင်းကျင်းပရခြင်းနှင့် ပတ်သက်၍ အာယုအင်တာနေရှင်နယ်ဆေးရုံအုပ် ဒေါက်တာသန်းထွဋ်ဦး က “ ကျန်းမာရေးက လူတိုင်းအတွက် အရေးကြီးပါတယ်။ ကျန်းမာရေဖို့ ရောဂါဘယ ကင်းဝေးဖို့၊ ကာကွယ်ကြို တင်တားဆီးဖို့ စောလျင်စွာ ရောဂါရှာဖွေစစ်ဆေးဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို အမြဲဂရုပြုဖို့ လိုအပ်သလို ကြိုတင်သိရှိဖို့ဆိုရင် စောလျင်စွာ စစ်ဆေးဖို့လည်း လိုအပ်ပါတယ်။ ဒါတွေက ပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသတတွေဖြစ်ပါတယ်။ ရောဂါဖြစ်မှထက် ကြိုတင်သိပြီး ကုသထားမယ်ဆိုရင် စိုးရိမ်စရာမရှိတာတွေ အများကြီးပါ” လို့ ပြောကြားသည်။

 

အာယုကျန်းမာရေးပွဲတော်ကြီးသို့ လာရောက်သူများအနေဖြင့် ပွဲတော်ကျင်းပမည့် သုံးရက်အတွင်း အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဖြစ်သော  သွေးပေါင်ချိန်တိုင်းတာခြင်း၊ BMI စစ်ဆေးပေးခြင်း၊ ဆီးချိုစစ်ဆေးပေးခြင်း၊  Uric အက်စစ် စစ်ဆေးပေးခြင်း၊ အရုံးသိပ်သည်းဆ တိုင်းတာပေးခြင်း၊ ခန္ဓာကိုယ် အချိုးအစားနှင့် အဆီပမာဏ စစ်ဆေးပေးခြင်းတို့ကို အခမဲ့ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် အာယုအင်တာနေရှင်နယ် ဆေးရုံကြီးမှ အချိန်ပြည့်ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုများလည်း အခမဲ့ တွေ့ဆုံဆွေးနွေးနိုင်မည့်အပြင် ပြပွဲသို့ လာရောက်သူများအတွက် Medical Check- up ကူပွန်များကိုလည်း မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)