အများပြည်သူ နေ့စဉ်လူမှုဘဝ၏ အဓိကလိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေးတွင် စားရေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံနည်းတူ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် စားရေရိက္ခာလုံခြုံရေးကို အလေးထားဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ လူတစ်ဦးချင်းအလိုက် စားရေးသောက်ရေး အဆင်ပြေချောမွေ့စေရန်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် ဆောင်ရွက်ပေးသွားရမည်ဖြစ်သည်။ စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှသာ ပြည်သူများ၏ လူမှုဘဝအဆင်ပြေချောမွေ့မည်ဖြစ်သည်။

အခြေခံစားသောက်ကုန်များတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဥအမျိုးမျိုးတို့သည် ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်များဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စားရေရိက္ခာလုံခြုံမှုအတွက် စိုက်ပျိုးရေးကဏ္ဍမှ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သော်လည်း မွေးမြူရေးကဏ္ဍတွင် လိုအပ်ချက်များရှိနေသည်။ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာလျှင် အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးရေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးပြီး အကြီးမားဆုံး စိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာလည်း ရောင်းလိုအားနှင့်ဝယ်လိုအားများ မမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ်မြင့်မား ခြင်းများကြောင့်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အသိပေးပြောကြားထားသည်။

ယခုအခါ ပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသည့် အသား၊ ငါး၊ ဥအမျိုးမျိုး တွင် ကြက်ဥဈေးနှုန်းမှာ ယခင်ထက်ဈေးနှုန်းမြင့်မားလာသည်ကို တွေ့ရသည်။ ယခင်က ကြက်ဥတစ်လုံး ကျပ် ၁၀၀ ကျော် ၂၀၀ မှ တဖြည်းဖြည်းနှင့် ကျပ် ၃၀၀၊ ၄၀၀ မှ ကျပ် ၅၀၀ ကျော် ၆၀၀ အထိဖြစ်လာသည်ကို တွေ့ရသည်။ ကြက်ဥဈေးနှုန်းမြင့်တက်လာသောကြောင့် ကြက်ဥနှင့်သက်ဆိုင်သည့် အခြားအစား အသောက်များပါ လိုက်ပါဈေးနှုန်းမြင့်မားလာသည်ကို တွေ့ရသည်။ ကြက်ဥသည် နေ့စဉ်စားသုံးနေသည့် အခြေခံစားကုန်တစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်ပါ အထောက်အကူပြုသည့် လူတန်းစားမရွေးစားသုံးနိုင်သော အစားအစာဖြစ်သည်။ ကြက်ဥဈေးနှုန်းဆက်လက်မြင့်တက်လာပါက အခြေခံပြည်သူများအတွက် အခက်အခဲများရှိလာနိုင်သည်။

ထို့ကြောင့် ကြက်ဥဈေးနှုန်း ဆက်လက်မြင့်တက်မလာစေရန်အတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ဘဲမွေးမြူထုတ်လုပ်ရောင်းချသူများအသင်း၊ ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများအစုအဖွဲ့တို့က ကြက်ဥထုတ်လုပ် ဖြန့်ဖြူရောင်းချမှုများနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကြက်ဥဈေးနှုန်းမြင့်တက်ရခြင်း အကြောင်းရင်းများတွင် သွင်းအားစုလိုအပ်ချက်များကြောင့်ဖြစ်သည်ဟု သိရသည်။ ကြက်၊ ဘဲအစာကုန်ကြမ်း အခက်အခဲနှင့် ကာကွယ်ဆေးပြတ်လပ်မှုကြောင့် ရောဂါဖြစ်ပွားမှုနှင့် ကြက်၊ ဘဲများ၏ ဥအထွက်နှုန်းကျဆင်းမှုကြောင့်ဖြစ်သည်ဟု သိရသည်။ ကုန်ကျစရိတ် မြင့်မားခြင်းနှင့် ထုတ်လုပ်မှုလျော့ကျခြင်း၊ သွင်းအားစုရှားပါးပြီး ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ဈေးကွက်အတွင်း အသားတင်ကြက်ဥရရှိနိုင်မှုလျော့နည်းကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၆၀၀ ကျော် ၇၀၀ အထိ ဖြစ်လာနိုင်ဖွယ်ရှိသည်။

လက်ရှိတွင် တိရစ္ဆာန်အစားအစာနှင့် ကာကွယ်ဆေးတင်သွင်းမှုကို ကန့်သတ်ထားပြီး ပြည်တွင်း၌သာ အစာထုတ်လုပ်ရေးနှင့် အစာစပ်စက်ရုံများဖွံ့ဖြိုး တိုးတက်ရေးကို တိုက်တွန်းထားသည်။ လက်ရှိဖြစ်ပေါ်နေသောအခြေအနေကို ဖြေရှင်းနိုင်ရန်အတွက် ကြက်ဥဈေးနှုန်း ထပ်မံမတက်စေရန် ဖြန့််ဖြူးရောင်းချသူများနှင့် ညှိနှိုင်းထားခြင်း၊ အများပြည်သူ သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်မည့်အစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းရှင်များအနေဖြင့် သွင်းအားစုများ ပြန်လည်ရရှိနိုင်ရန် မျှော်လင့်နေကြသည်။

တိရစ္ဆာန်အစားအစာကုန်ကျစရိတ်သည် မွေးမြူရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး ပြည်ပမှတင်သွင်းနေရသည့်ကုန်ကြမ်းကို အစားထိုးနိုင်ရန်အတွက် ပြည်တွင်းထွက် နှမ်းဖတ်၊ ပဲဖတ်၊ နေကြာဖတ်များကို ပိုမိုအသုံးပြုခြင်း၊ ဘေးထွက်ပစ္စည်းများကို အခြောက်ခံပြီး ကြက်စာတွင် ပရိုတင်းအဖြစ် ရောစပ်အသုံးပြုခြင်း၊ မြန်မာနိုင်ငံသည် ပြောင်းနှင့် ဆန်စပါးကြွယ်ဝသဖြင့် ဗီတာမင်ကြွယ်ဝသည့် ပြောင်းဖတ်နှင့် ဖွဲနုကို ပြည်ပသို့တင်ပို့မည့်အစား ပြည်တွင်းတိရစ္ဆာန် အစာစပ်စက်ရုံများအတွက် ဝယ်ယူခွင့်ပြုခြင်း၊ ကာကွယ်ဆေးထုတ်လုပ်ရေးကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းကာ ပြည်တွင်းဖြစ် ကြက်၊ ဘဲကာကွယ်ဆေးများကိုအရေအတွက် တိုးမြှင့်ထုတ်လုပ်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကြက်ဥ၊ ဘဲဥဈေးနှုန်းကျဆင်းပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် တိရစ္ဆာန်ကာကွယ်ဆေးကို ဦးစားပေးထုတ်လုပ်ပြီး တိရစ္ဆာန်အစားအစာများကို ပြည်တွင်းဖြစ် ကုန်ကြမ်းများနှင့် အလုံအလောက်ထုတ်လုပ်နိုင်အောင် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းလက်တွဲပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။ ။