အခြေခံပညာ အလယ်တန်းအဆင့် အဌမတန်းနှင့် မူလတန်းအဆင့် စတုတ္ထတန်း စာမေးပွဲများ ယနေ့ စတင်ဖြေဆို

၂၄ ဖေဖော်ဝါရီ

 

ညောင်ရွှေမြို့နယ်

 

ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် အဌမတန်းနှင့် မူလတန်းအဆင့် စတုတ္ထတန်းတို့ နှစ်ဆုံးသတ်စာမေပွဲကို စာစစ်ဌာနအသီးသီး၌ ယနေ့နံနက်ပိုင်းမှစတင်၍ မြန်မာစာဘာသာဖြေဆိုခဲ့ရာ အဌမတန်းတွင် စာရင်းရှိ (၃၀၉၂)ဦးမှ ဝင်ရောက်ဖြေဆိုသူ (၃၀၇၆)ဦးရှိပြီး ပျက်ကွက်သူ (၁၆)ဦးရှိ၍ စတုတ္ထတန်းတွင် စာရင်းရှိ (၃၅၄၀)ဦးမှ ဝင်ရောက်ဖြေဆိုသူ (၃၅၃၈)ဦး ရှိပြီး ပျက်ကွက်သူ (၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။                  (မြို့နယ်ပြန်ဆက်)

 

ကျောင်းကုန်းမြို့နယ်

 

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင်လည်း စတုတ္ထတန်းနှင့် အဌမတန်း ကျောင်းသားကျောင်းသူများ ယနေ့နံနက် ၉ နာရီအချိန် စတင်ဖြေဆိုခဲ့ကြသည်။

အဆိုပါစာမေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း စာစစ်ဌာန ကြီးကြပ် ရေးမှူးတစ်ဦးက ပြောသည်။                                                             ဝင်းကြိုင်(ပြန်/ဆက်)

 

 

ညောင်လေးပင် မြို့နယ်


နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းများ၌ စတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲများ ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ ဖေဖော်ဝါရီ ၂၄ ရက်နေ့နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ စာစစ်ဌာနအသီးသီး၌ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် ပထမနေ့ မြန်မာစာဘာသာရပ်၌ စတုတ္ထတန်းဖြေဆိုရန်စာရင်းရှိ ကျောင်းသားကျောင်းသူ ၄၆၉၆ဦးရှိရာ  ဝင်ရောက်ဖြေဆိုသူ ၄၆၇၅ဦးတို့က စာစစ်ဌာန ၁၇၄ခုတွင်လည်ကောင်း၊  အခြေခံပညာအဋ္ဌမတန်းဖြေဆိုရန် စာရင်းရှိ ကျောင်းသားကျောင်းသူ ၃၁၉၅ဦးအနက် ဝင်ရောက်ဖြေဆိုသူ ၃၁၅၉ ဦးတို့က စာစစ်ဌာန ၄၈ခုတို့တွင်လည်ကောင်း   ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။


သက်လွင် (ညောင်လေးပင်)