အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၅) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၈

 

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၂၈ ရက်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်နှင့် တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက “သင်တန်းက ရရှိခဲ့သည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး ဆရာ ဆရာမများ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် အတတ်ပညာများ ပြည့်ဝစေရန် ကြိုးစားကြပြီး၊ တပည့်များကို နည်းမှန်လမ်းမှန်ဖြင့် လေ့ကျင့်ပျိုးထောင် ပေးသွားကြရန်၊ မိမိတို့ အခန်းကဏ္ဍကနေ အမျိုးသားပညာရည် မြင့်မားရေးကဏ္ဍကို ဝိုင်းဝန်းပူးပေါင်း မြှင့်တင်ဆောင်ရွက်ကြရန်နှင့် ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိအောင်၊ လောကနီတိ၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီ ကျင့်စဉ်များကို စည်းကမ်းတကျ လိုက်နာတတ်ပြီး ယဉ်ကျေးလိမ္မာသည့် ပညာတတ် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင်၊ အကြောင်းနှင့်အကျိုးတို့ကို ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်စွမ်းရှိအောင် မိဘဆရာ ပူးပေါင်း ကလေးပညာကောင်ဆိုသည့် ဆောင်ပုဒ်အတိုင်း တပည့်များ၏ ပညာရည် တိုးတက်မြင့်မားစေရေးအတွက် ဆရာ၊ ကျောင်းသား၊ မိဘများ ပူးပေါင်းဆောင်ရွက် သွားကြရန်” သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ သင်တန်းသို့ သင်တန်းသား ၇၉ ဦး၊ သင်တန်းသူ ၃၃၀ စုစုပေါင်း ၄၀၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂၇ ရက်မှ ဇွန် ၂၈ ရက်အထိ ရက်သတ္တ ငါးပတ်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၅)မှ သင်တန်းသား သင်တန်းသူများ၏  နိုင်ငံတော်နယ်နိမိတ်များ ခေတ်အဆက်ဆက် ပြောင်းလဲလာမှုသမိုင်း ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်း၊ အုပ်စုလိုက် ဆွေးနွေးခြင်းတို့ကို အားပေးကြည့်ရှုပြီး  ဆွေးနွေးမှုများအပေါ် သုံးသပ်အကြံပြုခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)