အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ၁   ဧပြီ 

 

အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်း ကျောင်း နှင်းဆီခန်းမ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်း ရလဒ်ဖြစ်သည့် ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် ကျောင်းသား ကျောင်းသူများ အားလုံး လူသားကောင်းများဖြစ်စေရေး၊ တာဝန်ယူ တာဝန်ခံတတ်ပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်စေရေး၊ ဆန်းသစ်တီထွင်နိုင်ရေး၊ တစ်သက်တာသင် ယူနိုင်သော ပညာရေးအခွင့်အလမ်းများဖန်တီးပေးရေး၊ မူလတန်း အရွယ်ကလေးတိုင်း စာဖတ် တတ်၊ ရေးတတ်၊ တွက်တတ်ပြီး မူလတန်းပညာသင်ယူပြီးမြောက်ပြီး အလယ်တန်း ပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့်တိုးမြှင့်သင်ယူခွင့်များရရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း စုစုပေါင်း (၄၇၀ဝ၅)ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း (၉၁၄၄၄၆၉)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း စုစုပေါင်း (၁၅၂၇) ကျောင်းတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၁၇၃၈၀) ၊ ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်း စုစုပေါင်း(၈၆၆)ကျောင်းတွင် ကျောင်းသား ကျောင်းသူစုစုပေါင်း (၂၂၁၆၀၅)ဦး တက်ရောက်ပညာ သင်ယူခဲ့ကြပါကြောင်း။

 

ဆရာ ဆရာမများ၏အရည်အသွေးမြင့်မားရန် အရေးကြီးသကဲ့သို့ သင်ရိုးညွှန်း တမ်းများပြုပြင်ပြောင်း လဲရေးသည်လည်း အရေးကြီးပါကြောင်း၊ သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲမှုတွင် ပထမတန်း(Grade-1)၊ ဒုတိယတန်း(Grade-2)ကျောင်းသုံးဖတ် စာအုပ်အသစ်များနှင့် ဆရာကိုင်စာအုပ်များ အသုံးပြုပြီး သင်ကြား သင်ယူရန်အတွက် အမျိုးသားပညာရေးဥပဒေအရသတ်မှတ်ထားသည့် အစိုးရကျောင်းများ၊ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ပရဟိတကျောင်းများ၊ အထူး ပညာရေး အစီအစဉ်ကျောင်းများမှ မူလတန်းပြဆရာဆရာမများအားလုံးကို သင်ကြား သင် ယူမှုနည်းလမ်းများ သင်တန်းပေးခဲ့ပါကြောင်း၊ မူလတန်း တတိယတန်း(Grade-3)နှင့် အလယ်တန်း ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ် စာအုပ်များနှင့်် ဆရာကိုင် စာအုပ်အသစ်များကို JICA, ADBE နှင့် EU တို့၏အကူအညီဖြင့် ပူးပေါင်းပြုစုဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင် နှစ်များကဲ့သို့ အမျိုးသားပညာရေးဥပ ဒေအရ သတ်မှတ်ထားသည့် အခြေခံပညာ ကျောင်းများမှ မူလတန်းပြ ဆရာ ဆရာမ များအားလုံးနှင့် အလယ်တန်းပြ ဆရာ ဆရာမများအားလုံး ယခု နွေရာသီတွင် သင်ကြားသင်ယူမှု နှင့်သက်ဆိုင်သည့်သင်တန်းများပေးရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စာမေးပွဲစနစ်များကိုလည်း ပြုပြင်ပြောင်းလဲကျင့်သုံးလျက်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဆရာကြီး ဒေါက်တာသန်းဦးနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများက အလှူငွေများပေးအပ်ကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ 

 

ယင်းနောက် ဆရာကြီး ဒေါက်တာသန်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် PTA ဥက္ကဋ္ဌ ဒေါက်တာဇီဝက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဂုဏ်ထူးဦးသိန်းနိုင်က မုဒိတာစကားပြောကြားသည်။ 

 

အဆိုပါ အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့် တင် ရေးသင်တန်းသို့ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ(၅၃၀)ဦး တက်ရောက် လျက်ရှိသည်။ 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်တာဝန်ရှိ သူများသည် ရန်ကုန်မြို့ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရုံး၌ကျင်းပသည့် ပုဂ္ဂလိက ကျောင်း ပညာရေးဆိုင်ရာအကြံပြု ဆွေးနွေးပွဲသို့ လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၌ ဆောင်ရွက်လျက်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ စစ်ဆေး နေမှုများအား လည်းကောင်း ကြည့်ရှုအားပေးပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ရုံးဝန်ထမ်းများ စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၂/၂၀၁၉)သို့ သင်ခန်းစာဆွေးနွေးပို့ချခဲ့ကြောင်း သတင်း ရရှိသည်။ 

 

(သတင်းစဉ်)

 

DSC3