မော်လမြိုင် ဇွန် ၁
၂၀၂၆- ၂၀၂၇ ပညာသင်နှစ် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနေမှုနှင့် စာသင်ကျောင်းဆောင်များ အခြေအနေကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် မော်လမြိုင်မြို့ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၉)အခြေခံ ပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပညာသင်ကြားရန်ခက်ခဲသော ကလေးများကို ပစ်ပယ်မထားဘဲ ပညာဆုံးခန်းတိုင်သင်ယူနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြ၍ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)


