အချိန်ရာသီတိုင်း ဂရုပြုရမည့် မီးအန္တရာယ်

၁၂  မတ်

 

ခြောက်သွေ့ရာသီရောက်လာခဲ့ပြီ။ နေ့ခင်းဘက် အပူချိန်တို့လည်း တဖြည်းဖြည်းနှင့် တိုးလာခဲ့ပြီ။ ယင်းသို့သော အခြေအနေတို့က ဖြစ်လာနိုင်ဖွယ်ရှိသော မီးဘေးအန္တရာယ်ကို ကြိုတင်မျှော်တွေးကာ မီးဘေးအ္တရာယ် ကာကွယ်ရေး လုံလောက်သော အစီအမံတို့ကို စနစ်တကျ ဆောင်ရွက်ကြရန် အချိန်အခါ ကျရောက်နေပြီဟု ပြဆိုနေခြင်းလည်း ဖြစ်သည်။

 

မီးဘေးအန္တရာယ်ပညာပေးဟောပြောမှုနှင့် မီးသတ်သရုပ်ပြမှုများ အနယ်နယ်အရပ်ရပ်၌ ပြုလုပ်နေကြသည်ကို သတင်းများ၌ တွေ့ရသည်။ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ၊ ကျောင်းများ၊ ရုံးဌာနများ စသည်တို့၌ ဟောကြ၊ ပြောကြ၊ သရုပ်ပြပညာပေးကြသည်။ စင်စစ် မီးဟူသည်က အောက်ဆီဂျင်၊ လောင်စာနှင့်လုံလောက်သော အပူချိန်တည်းဟူသော အခြေခံအကြောင်းတရားသုံးခုတို့ ပေါင်းဆုံပါက အချိန်အခါနေရာမရွေး လောင်ကျွမ်းနိုင်သည်သာ ဖြစ်သည်။ ယင်းအခြေခံအကြောင်းတရား သုံးခုအနက် လေထုထဲရှိ အောက်ဆီဂျင်မှလွဲ၍ ကျန်နှစ်ခုကို စနစ်တကျထားသိုခြင်း၊ ထိန်းချုပ်ကွပ်ကဲသုံးစွဲခြင်းတို့ဖြင့် မီးလောင်မှုအန္တရာယ်လျော့နည်းစေမည် ဖြစ်သည်။ လောင်စာဖြစ်နိုင်သည့် အရာဝတ္ထုများကို စနစ်တကျထားသိုခြင်း၊ အပူလွန်ကဲမှု ဖြစ်ပေါ်နိုင်သည့် လျှပ်စစ်နှင့် မီးသုံးစွဲမှုများကို ဂရုစိုက်ဆောင်ရွက်ခြင်းတို့ဖြင့် လောင်စာနှင့်အပူတို့ ပေါင်းစုံမှုမဖြစ်စေရန် သတိမူကြရမည်။

 

မီးသည် လူ့ယဉ်ကျေးမှု၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ လူ့သမိုင်း အစတွင် မီးကို လူတို့စတင်သုံးစွဲတတ်လာသည့် အချိန်မှစ၍ လူသားတို့၏ ယဉ်ကျေးမှုသည်လည်း အဆင့်တစ်ဆင့်မြင့်တက်လာသည်။ မီးမှရသည့် အပူနှင့် အလင်းရောင်တို့ကို အသုံးပြုကာ ရာသီဥတုဒဏ်နှင့် ညအမှောင်ထုတို့ကို အန်တုနိုင်ခဲ့ကြသည်။ ချက်ပြုတ်စားသောက်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် မရှိမဖြစ်သော မီးသည် အန္တရာယ်လည်း ပေးတတ်သော သဘာဝစွမ်းအား တစ်ရပ်ဖြစ်သည်ကို သမိုင်းဦးကာလကပင် လူသားတို့သိခဲ့ကြသည်။ မျက်မှောက်ခေတ်ကာလ မိမိတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော လျှပ်စစ်သည်လည်း မီး၏ အခြားသော ပုံသဏ္ဍာန်တစ်ရပ်ပင် ဖြစ်သည်။ လျှပ်စစ်ကြောင့် မိမိတို့၏ လူနေမှုဘဝများ မြင့်မားလာရသည်။ တစ်ဖက်တွင်လည်း လျှပ်စစ်သည် ဂရုတစိုက် မသုံးစွဲပါက မီးလောင်မှု ဖြစ်ပွားစေနိုင်သည့် အကြောင်းတစ်ခု ဖြစ်သည်။

 

လူနေထူထပ်သည့်ဒေသ၊ စီးပွားရေးလုပ်ငန်းများ အမြောက်အမြား တည်ရှိသော ဒေသများသည် မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပေါ်ရာ ဒေသများလည်းဖြစ်သည်။ ယင်းသို့သော ဒေသများတွင် မီးလောင်မှု ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု ပမာဏကြီးမားနိုင်သကဲ့သို့ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှုများလည်း ရှိတတ်သည်။ မီးလောင်ကျွမ်းမှု ဖြစ်ရခြင်း၏ ရာခိုင်နှုန်း အများစုမှာ လူတို့၏ ပေါ့ဆမှုကြောင့်ဖြစ်သည်။ မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံ၏ စီးပွားရေးအရင်းအမြစ်နှင့် ဥစ္စာဓန မြောက်မြားစွာတို့ ဆုံးရှုံးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နိုင်ရာ မီးမပေါ့ဆကြဖို့ သတိပေးလိုသည်။

 

လေးလေးနက်နက်ဆိုရပါက မီးဘေးအန္တရာယ်ကာကွယ်ရေးသည် လူတိုင်းနှင့် ဆိုင်သည်။ “ခုခေတ်မှာ ပြန်လည်ထူထောင်ရေးလုပ်လုပ်၊ တိုင်းပြည် ကာကွယ်ရေးလုပ်လုပ်၊ သူ့ဆိုင်ရာအဖွဲ့ ၊ သူ့ဆိုင်ရာလူတွေလောက်နဲ့ လုပ်လို့မပြီးနိုင်ဘူး၊ အဓိပ္ပာယ်က မီးသတ်ကိစ္စကို မီးသတ်အဖွဲ့ထဲရှိတဲ့ လူတွေနဲ့ လုံလောက်တဲ့ခေတ် မဟုတ်ဘူး” ဟု ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့ဖူးသည်။ လူကြီးကစ ကလေးအထိ လုပ်ကိုင်တတ်ကြဖို့လိုကြောင်း ဗိုလ်ချုပ်၏ တစ်ခေတ်တစ်ခါက မိန့်ကြားချက်သည် မီးဘေးကာကွယ်ရေးတွင် ပြည်သူအားလုံးပါဝင်ရေး၊ မီးအန္တရာယ်အသိပညာ ကြွယ်ဝရေးတို့အတွက် ယနေ့တိုင်ခေတ်မီနေဆဲဟု ဆိုရမည် ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)