အခက်အခဲများကြားမှ အာဖဂန်ပြည်သူများအတွက် အမေရိကန်တို့ရဲ့ ကယ်တင်ရေးလုပ်ငန်းစဉ်များ

ကေကေစိုး

 

ယခုလကုန်ပိုင်းတွင် အာဖဂန်နစ္စတန်မှ ကယ်ဆယ်ရေးအစီအစဉ်များကို အဆုံးသတ်နိုင်လိမ့်မည်ဟု ယုံကြည်ဆဲဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဩဂုတ် ၂၂ ရက်တွင် ပြောကြားသည်။

 

သတိပေးထား

 

သို့သော်လည်း ကဘူးလ်မြို့လေဆိပ်ရှိ လူစုလူဝေးတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာနိုင်သည်ဟုလည်း သတိပေးထားသည်။ အန္တရာယ်ရှိသည့် အခြေအနေများကြောင့် ထွက်ပြေးလာသူ အရေအတွက်မှာ တဖြည်းဖြည်း များပြားလာလျက်ရှိသည်။ ထောက်ပံ့ရေး အခက်အခဲများနှင့် မြေပြင်အခြေအနေတွင် တဖြည်းဖြည်း ဆိုးရွားလာမှုတို့ကြောင့် ယခုလိုထွက်ပြေးလာသူ အရေအတွက်မှာ တဖြည်းဖြည်း များပြားလာခြင်းဖြစ်သည်။

 

ဆွေးနွေးနေဆဲ

 

သို့သော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယခင်က တာလီဘန်တို့နှင့် သဘောတူထားသည့်အတိုင်း ဩဂုတ် ၃၁ ရက်တွင် အမေရိကန်၏ လုပ်ငန်းတာဝန်ကိုအပြီးသတ်ရန် ရည်ရွယ်ထားသည်ဟုပြောသည်။ သို့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းအတွက် တပ်ဖြန့် ချထားသည့်အချိန်ကို ဩဂုတ် ၃၁ ရက်နောက်ပိုင်း ရက်တိုးချဲ့ရန် အစီအစဉ်ကို တာလီဘန်များနှင့် ဆွေးနွေးနေဆဲ အနေအထားဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ကယ်တင်မှုများပြုလုပ်

 

အာဖဂန်မှ လူများကယ်ထုတ်ရန် အစီအစဉ်အပါအဝင် အာဖဂန်တွင် အမေရိကန်၏ လုပ်ငန်းအစီအစဉ်များကို နောက်ထပ်ရက်မတိုးဘဲ အပြီးသတ်လုပ်ဆောင်နိုင်ရေး မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ သတ်မှတ်ထားသည့် ရက်အတိုင်းပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ကာ တာလီဘန်များသည် ကဘူးလ်မြို့ကို သိမ်းပိုက်ကာ အာဖဂန်နစ္စတန်နိုင်ငံကို အောင်မြင်စွာ ထိန်းချုပ်သွားနိုင်ခဲ့သည်။ အမေရိကန်သည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စစ်ဘက်သုံးလေယာဉ်နှင့် မဟာမိတ်တို့၏ လေယာဉ်များကို အသုံးပြုကာ လူပေါင်း ၃၀၃၀၀ နီးပါးကို ကယ်တင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

 

ခြိမ်းခြောက်မှုအဖြစ်ရှိနေဦးမည်

 

တာလီဘန်တို့လက်မှ လွတ်မြောက်ရေးအတွက် အာဖဂန်နစ္စတန်မှ ထွက်ခွာသွားနိုင်ရေး ကြိုးပမ်းနေကြသည့် လူအုပ်ကြီး၏ ကြောက်မက်ဖွယ် စိတ်မကောင်းဖွယ်မြင်ကွင်းကို သိရှိပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေများအရ ယင်းအခြေအနေကို လက်ခံရမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောသည်။ နာကျင်မှု၊ ဆုံးရှုံးမှုနှင့် ကြေကွဲဖွယ် မြင်ကွင်းများ မမြင်ရဘဲ ယခုလောက် လူအများကြီးကို ကယ်တင်နိုင်ရေးမှာ နည်းလမ်းမရှိဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် အိုင်အက်စ်ဟုခေါ်သည့် အကြမ်းဖက်အဖွဲ့အစည်းသည် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေဦး မည်ဖြစ်သည်။

 

လေကြောင်းလိုင်းများကို အမိန့်ပေး

 

လက်ရှိအခြေအနေကို အမြတ်ထုတ်မည့် အကြမ်းဖက် အဖွဲ့အစည်းများလည်း ရှိနေဦးမည်ဖြစ်ပြီး ယခုအခြေအနေမှာ အန္တရာယ်များသည့် အခြေအနေတစ်ရပ်ဟု ၎င်းက ဆက်ပြောသည်။ လေယာဉ်ဖြင့် လူများ ကယ်ထုတ်သည့်လုပ်ငန်း အရှိန်မြှင့်တင်နိုင်ရေးအတွက် အမေရိကန်အစိုးရသည် အရပ်ဘက် လေကြောင်းလိုင်းခြောက်ခုကို အမိန့်ပေးထားသည်။ ခရီးသည်တင်လေယာဉ် ၁၈ စင်း ထောက်ပံ့ပေးရန်နှင့် လေယာဉ် တင်သင်္ဘောအုပ်စုတွင် အားဖြည့်ပေးရန် အမိန့်ပေးခဲ့သည်။

 

လုံခြုံရေးပေးနေကြ

 

အရပ်ဘက်အရန် လေယာဉ်အုပ်စုကလည်း အာဖဂန်နစ္စတန်နိုင်ငံမှ အခြေစိုက်စခန်းရှိရာ ကာတာ၊ ဘာရိန်း၊ ယူအေအီးနိုင်ငံတို့သို့ ပို့ဆောင်ပေးမည့် လူအရေအတွက်ကိုလည်း တိုးမြှင့်သွားမည်ဟု ၎င်းက ပြောသည်။ အရပ်ဘက်လေယာဉ်များနေဖြင့် ကဘူးလ်မြို့သို့ တိုက်ရိုက်ပျံသန်းစရာမလိုဟု သိရသည်။ ထောင်နှင့်ချီသည့် အမေရိကန်တပ်ဖွဲ့ဝင်များသည် တာလီဘန်များက ကဘူလ်မြို့အနီးတစ်ဝိုက်ကို သိမ်းပိုက်ထားစဉ် အာဖဂန်မြို့တော်လေဆိပ် လုံခြုံ စိတ်ချရရေးအတွက် လုံခြုံရေးပေးနေကြသည်။

 

အဆက်မပြတ်ရင်ဆိုင်နေရ

 

တာလီဘန်တို့သည် တိုင်းပြည်ကို လျင်လျင်မြန်မြန် သိမ်းယူနိုင်ခဲ့ပြီး အမေရိကန် ဦးဆောင်သည့် အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ဝင်များက ထောက်ပံ့ပေးခဲ့သည့် အာဖဂန်အစိုးရသည် အာဖဂန်မဟာမိတ်များနှင့် နိုင်ငံခြားသားများကို ကယ်တင်ရန် စီစဉ်ခဲ့ခြင်းမရှိဘဲ ပျောက်ကွယ် သွားခဲ့ပြီဖြစ်သည်။ လက်ရှိတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်လည်း ဝေဖန်မှုများနှင့် အဆက်မပြတ် ရင်ဆိုင်နေရသည်။

 

ခက်ခဲသည့်ဆုံးဖြတ်ချက်

 

အာဖဂန်နစ္စတန်နှင့်ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်မှာ ခက်ခဲစွာဖြင့် လိုအပ်သည့်အတွက် ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။ ယခုအချိန်တွင် အာဖဂန်နစ္စတန်မှ ထွက်ခွာခြင်းမပြုလျှင် နောင်မည်သည့်အချိန်မှ ထွက်ခွာမည်နည်းဟု ၎င်းက ပြောသည်။ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၁၅၀၀၀ မှာ အာဖဂန်နစ္စတန်မှ ထွက်ခွာရန် လိုအပ်သည်။ အာဖဂန်မဟာမိတ် ၅၀၀၀၀ နှင့် ၎င်းတို့၏ မိသားစုဝင်များ တိုင်းပြည်အတွင်းမှ ထွက်ခွာနိုင်ရေး စီစဉ်ပေးရန် လိုအပ်သည်ဟု သိရသည်။

 

ပိုမိုရှုပ်ထွေးလာ

 

တာလီဘန်များက ကဘူးလ်မြို့တွင် လေဆိပ်သို့သွားရန်ကြိုးပမ်းသူများကို ခြိမ်းခြောက်ခြင်းနှင့် ရိုက်နှက်ခြင်းတို့ ပြုလုပ်ကြောင်း သတင်းများရရှိသည်ဟု ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကပြောသည်။ သို့သော်လည်း အမေရိကန်ပတ်စ်ပို့ ကိုင်ဆောင်ထားသူများကို တာလီဘန်များက လုံခြုံစိတ်ချရစွာပင် သွားခွင့်ပြုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ လေဆိပ်အနီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီးနောက် အာဖဂန်ခုနစ်ဦး သေဆုံးခဲ့ပြီး လုံခြုံရေးအခြေအနေကြောင့် အမေရိကန်နိုင်ငံသားများ အဆိုပါဧရိယာမှ ဝေးဝေးနေကြရန် အမေရိကန်အစိုးရက သတင်းထုတ်ပြန်ပြီးနောက် အခြေအနေများ ပိုမိုရှုပ်ထွေးလာခဲ့သည်။

 

လေယာဉ်ပေါ်တွင်ကလေးမွေး

 

ဩဂုတ် ၂၂ ရက်တွင် အမေရိကန် စစ်လေယာဉ်ရှစ်စင်းဖြင့် လူပေါင်း ၁၇၀၀ နီးပါးကို ကယ်တင်ပေးနိုင်ခဲ့သည်။ အမေရိကန်တို့၏ မဟာမိတ်လေယာဉ် ၃၉ စင်းဖြင့် လူပေါင်း ၃၄၀၀ နီးပါးကို အာဖဂန် နစ္စတန်နိုင်ငံမှ ထွက်ခွာရေးကယ်တင်နိုင်ခဲ့သည်ဟု အိမ်ဖြူတော်ကပြောသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ ထွက်ခွာနိုင်ရေး ဆောင်ရွက်ပေးစဉ် အမေရိကန်စစ်လေယာဉ်ပေါ်တွင် အာဖဂန်အမျိုးသမီးတစ်ဦးမှာ ကလေးမွေးဖွားခဲ့သည်ဟု အမေရိကန်တပ်ဖွဲ့က ပြောသည်။ အရှေ့အလယ်ပိုင်းမှ ပျံသန်းလာသည့်ခရီးစဉ်အတွင်း မွေးဖွားခဲ့ခြင်းဖြစ်သည်။

 

ကူညီပေးခဲ့

 

ဂျာမနီသို့ လေယာဉ်ဆင်းသက်ပြီးနောက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးက လေယာဉ်ပေါ်တက်ခဲ့ပြီး ကလေးမွေးမည့် အမျိုးသမီးကို ကူညီပေးခဲ့သည်။ သမီးမိန်းကလေး မွေးဖွားခဲ့သည်ဟု သိရသည်။ အနီးအနားရှိ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများဖြင့် အမေရော ကလေးပါ ကျန်းမာသည်ဟု သိရသည်။ အရပ်ဘက်လေကြောင်းလိုင်းများမှ လေယာဉ်များကို အသုံးပြုရန် အစိုးရမှ အမိန့်ထုတ်ခြင်းမှာ နှစ်ကြိမ်သာရှိခဲ့ဖူးပြီး ပထမတစ်ကြိမ်မှာ ၁၉၉၀-၁၉၉၁ ပင်လယ်ကွေ့ စစ်ပွဲတွင်ဖြစ်ပြီး ဒုတိယအကြိမ်မှာ ၂၀၀၂-၂၀၀၃ အီရတ်သို့ ကျူးကျော်ရာတွင်ဖြစ်သည်။ ။

 

ကိုးကား - အေအက်ဖ်ပီ၊ အင်န်အိတ်ချ်ကေ