အခက်အခဲများကျော်လွှား စိုက်ပျိုးစီးပွားထွန်းကား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိပြီး  ပြည်သူ ပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်း သာယာစွာဖြင့် နေထိုင်နိုင်ရန် တိုင်းပြည်သာယာဝပြောရေးနှင့် နိုင်ငံတော်တွင် လူတစ်ဦးချင်းစီ၏ အခြေခံဝင်ငွေဖြင့်ပင် စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်မည့် စားရေရိက္ခာပေါများရေးကို အလေးထားဆောင်ရွက်နေသည်။

 

တိုင်းပြည်သာယာဝပြောပြီး စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်တွင်း၌  ထုတ်ကုန်များကို ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဒေသအသီးသီး၌ ပြည့်စုံလုံလောက်စွာဖြင့် ထုတ်လုပ်နိုင်ရေးအတွက်  အသေးစား၊  အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို မြှင့်တင်အားပေး ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စွမ်းအားမြှင့်တင်ရေးကို စဉ်ဆက်မပြတ် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးစွမ်းအားများ မြင့်မားလာပြီး ထုတ်ကုန်များ တိုးတက်လာမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကဦးစားပေး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း  ရှေးကာလများအတွင်းက  ဆန်ရေစပါး   ရှားပါးပြတ်လပ်သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ဖူးသည်။ မှတ်တမ်းမှတ်ရာများအရ ၁၉၆၂-၁၉၆၃ ခုနှစ် ကာလတွင် စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှ ၃၁ တင်းသာထွက်ရှိခဲ့ပြီး ၁၉၆၇-၁၉၆၈ ခုနှစ်ကာလက တစ်ဧကလျှင် ပျမ်းမျှ ၂၈ ဒသမ ၃ တင်းသာ ထွက်ရှိခဲ့သဖြင့် ပြည်သူများ စားရေရိက္ခာ အကျပ်အတည်းများဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ရခြင်း မှာ နိုင်ငံအတွင်း ရာသီဥတုဖောက်ပြန် ဆိုးရွားမှုများကြောင့် စပါးအထွက်နှုန်း ကျဆင်းပြီး ဆန်စပါး ပြတ်လပ်မှုများနှင့်ကြုံတွေ့ခဲ့ရသည်။ ဒေသတွင်း နိုင်ငံများ၌လည်း အလားတူဖြစ်စဉ်မျိုးပေါ်ပေါက်ပြီး အကျပ်အတည်းများဖြစ်ပေါ်ခဲ့သည်။

 

ထို့ကြောင့် ယင်းဖြစ်စဉ်များကို သင်ခန်းစာယူပြီး ခေတ်အဆက်ဆက်တွင် စပါးအထွက်နှုန်း တိုးတက်ရေးကို အစိုးရအဆက်ဆက်က ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ မျက်မှောက်ကာလတွင် ရာသီဥတု အခြေအနေနှင့်ဆီလျော်စွာ နည်းစနစ်တကျ ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် စိုက်ပျိုး စွမ်းအားများ ပြန်လည်မြင့်မား တိုးတက်လာခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း အချက်(၄)ချက်ကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သောကြောင့် သီးထပ်စွမ်းအားများ တိုးတက်လာပြီး စိုက်ပျိုးစွမ်းအား များ  မြင့်မားတိုးတက်ကာ စားရေရိက္ခာဖူလုံရေးကို ထိရောက်စွာ ဆောင်ရွက်လာနိုင်သည်။

 

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်သည့် အခြေခံ ကောင်းများကို ပိုင်ဆိုင်ထားရှိသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နိုင်ငံ တကာတွင် စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကို အထောက်အကူပြုနိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ဝင်ငွေကိုလည်း တိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာ ပေါများရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄)တွင် ပြောကြားခဲ့သည်။

 

ယခုအခါ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကို ရှောင်ရှား နိုင်ခြင်းမပြုနိုင်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင် မှုများဖြင့် လျှော့ချနိုင်အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များက တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။  ဆန်စပါးအပြင်  ဆီထွက်သီးနှံများနှင့်  ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်ရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ဆီထွက်သီးနှံများနှင့်ပတ်သက်၍ နှစ်စဉ် ပြည်ပမှ စားသုံးဆီ များကို တင်သွင်းနေရသလို ပြည်တွင်းမှ ဆီထွက်သီးနှံထွက်ကုန် များကို ပြည်ပသို့တင်ပို့နေမှုများလည်း ရှိသည်။  ဝါဂွမ်းကို ပြည်တွင်း၌  စိုက်ပျိုး ထုတ်လုပ်နိုင်သော်လည်း   ပြည်ပမှချည်ထည်များ  တင်သွင်းနေရမှုများရှိသည်။ ထို့ကြောင့် ဆီထွက်သီးနှံနှင့်ဝါဂွမ်းကို ပြည်တွင်း၌ အဆင့်မီစွာ ထုတ်လုပ်ကြရန်လိုအပ်သည်။

 

သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်အောင် ပြည်တွင်း၌ ရေခံမြေခံ ကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီး ဖြစ်သော်လည်း စီးပွားရေးပိတ်ဆို့မှု၊ ကုန်သွယ်ရေးလမ်းကြောင်း ဟန့်တားမှု၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်မှုများကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေး ပိတ်ဆို့မှုအခက်အခဲများရှိနေ ခြင်းဖြစ်ပြီး အဆိုပါအခက်အခဲများကိုကျော်လွှားပြီး ပိုမိုကောင်းမွန်သော စိုက်ပျိုး စီးပွားများ ထွန်းကားလာအောင်  ဝိုင်းဝန်းကြိုးပမ်း   ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။    ။