အခမဲ့မျက်စိစစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းကို ဇမ္ဗူသီရိဆေးရုံတွင် နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ဆောင်ရွက်ပေးမည်

နေပြည်တော်  ၁ နိုဝင်ဘာ

လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မြန်မာ Lifeline Express Foundation (CHINA)တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၁၇ မျက်စိအလင်းပြခရီးစဉ် ဆောင်ရွက်ခြင်းအထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်းနှင့် လည်ချောင်း ဆေးရုံကြီး၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်တာဝန်ရှိသူများ  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများနှင့် လေးကျွန်းသူဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ တက်ရောက်၍  မိုးပျံပူပေါင်းများအား ဖဲကြိုးဖြတ်လွှင့်တင် ဖွင့်လှစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာဟုန်လျန် တို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် အတွင်းတိမ် ခွဲစိတ်ပြီး မျက်စိဝေဒနာရှင် သုံးဦးအား ပတ်တီးခွာပေးပြီး မျက်မှန်များတပ်ဆင်ပေးခဲ့ရာ ၎င်းမျက်စိဝေဒနာရှင် သုံးဦးသည်  အမြင်အာရုံပြန်လည်ရရှိ သွားခဲ့သည်ကို ဝမ်းမြောက်ကြည်နူးဖွယ်တွေ့ရှိရသည်။ 

၂၀၁၇ မျက်စိအလင်းပြခရီးစဉ်ကို အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက်ထိ တောင်ကြီး စပ်စံထွန်းဆေးရုံကြီးတွင်လည်းကောင်း၊ အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်ထိ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်းနှင့် လည်ချောင်းဆေးရုံကြီးတွင်လည်းကောင်း၊ Henan Provincial People's Hospital မှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် ဒေသခံ မြန်မာမျက်စိအထူးကုဆရာဝန်ကြီးများပူးပေါင်းကာ အခမဲ့မျက်စိ စစ်ဆေး၍ လူနာ ၅၀ဝ ဦးခန့်အား(အတွင်းတိမ်) ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့ပြီး နိုဝင်ဘာလ ၂ ရက်မှ ၄ ရက်ထိ ဇမ္ဗူသီရိဆေးရုံတွင် ဆက်လက်ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

MDN