အချင်းချင်းစည်းလုံးညီညွတ်မှု စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြပါစို့

၁၈ ဒီဇင်ဘာ

ကိုလိုနီခေတ်က နယ်ချဲ့အင်္ဂလိပ်တို့သည် ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲပြီးနောက် မြန်မာနိုင်ငံအား သိမ်းပိုက်ခဲ့ကြသည်ကို သိရှိခဲ့ကြပြီးဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးဆုံးရှုံးပြီး ကျွန်ဖြစ်ခဲ့ရသည့် အဖြစ်သနစ်ကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် ၁၉ ရာစုကုန်ဆုံးခါနီးအချိန်ကာလ၊ အထူးသဖြင့် ၁၈၈၁ ခုနှစ် နောက်ပိုင်းကာလတွင် အရှေ့တောင်အာရှ၌ အင်္ဂလိပ်နှင့် ပြင်သစ်တို့ အပြိုင်အဆိုင်နယ်မြေချဲ့ ထွင်ရာမှ ကျွန်ပြုခံရခြင်း ဖြစ်ကြောင်း တွေ့မြင်ရမည်ဖြစ်သည်။

နယ်ချဲ့ အင်္ဂလိပ်တို့သည် ၁၈၈၃ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်အကြား ပြင်သစ်တို့၏ မြန်မာနိုင်ငံအတွင်း စီးပွားရေးအရစွက်ဖက်မှုများကို အကြီးအကျယ် မကျေမနပ်ဖြစ်ရာမှ စစ်ရေးဖြင့် ကျူးကျော်သိမ်းပိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။ ပြင်သစ်တို့သည် ၎င်းတို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုသာ အဓိက အာရုံစိုက်ခဲ့ပြီး ပြင်သစ်နှင့် မြန်မာတို့ ဆက်ဆံရေးအဆင်ပြေသောအခါ ဗြိတိသျှအရင်းရှင်တို့က ပြင်သစ်တို့ထက် လက်ဦးမှုရရှိရန် သတင်းအမျိုးမျိုး ထုတ်လွှင့်ကာ ပြဿနာကြီးထွားအောင် လုပ်ဆောင်ခဲ့သည်။

ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာပြည်သိမ်းပိုက်ရေးအတွက် အကြောင်းပြကောင်းရန် နည်းလမ်းအမျိုးမျိုးရှာရာ၌ ပြောင်ပြောင်တင်းတင်း ကျူးကျော်မှု၊ သံတမန်ရေးအမှု၊ နယ်စပ်အငြင်းပွားမှုများကြောင့် အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲ ဖြစ်ပွားခဲ့သည်။ ဒုတိယကျူးကျော်စစ်ပွဲများဖြစ်ပွားပြီး မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခုလုံးကို သိမ်းပိုက်ပြီးသောအခါ မြန်မာနိုင်ငံသည် အင်အားအတော်အတန်ချည့်နဲ့သွားသည်။ နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို အပြီးတိုင်သိမ်းပိုက်နိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး နည်းပရိယာယ်အမျိုးမျိုး အသုံးပြုခဲ့သည်။

မြန်မာဘုရင် နောက်ဆုံးမင်းဆက်လက်ထက် နန်းတွင်းပြဿနာ၊ ဖိနပ်ပြဿနာ၊ ပြင်သစ်တို့နှင့် လျှို့ဝှက်စာချုပ်ကိစ္စ စသည်တို့ကို ပုံကြီးချဲ့ခဲ့ကြသည်။ ထိုစဉ်က အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်လည်းကောင်း၊ လန်ဒန်မြို့တွင်လည်းကောင်း ပြင်သစ်-မြန်မာ ကူးသန်းရောင်းဝယ်ရေး စာချုပ်အကြောင်းစသည့် ကောလာဟလသတင်းများ ပျံ့နှံ့ခဲ့ပြီး ယင်းနှင့်စပ်လျဉ်း၍ နယူးယောက်တိုင်းမ်သတင်းစာ၌ ၁၈၈၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ သတင်းအမျိုးမျိုးပုံဖော်ရေးသားခဲ့သည်။

ဤကဲ့သို့ သတင်းများထွက်ပေါ်လာလေလေနယ်ချဲ့ ဗြိတိသျှတို့သာမက အရင်းရှင်ကုန်သည်ကြီးများပါ နေမထိထိုင်မသာ ဖြစ်ခဲ့ကြသည်။ ထိုစဉ် ဘုံဘေဘားမားသစ်မှုကိစ္စပေါ်ပေါက်သောအခါ အခြေအနေပိုမိုဆိုးရွားလာပြီး ရန်ကုန်မြို့နှင့် လန်ဒန်မြို့တို့ရှိ ကုန်သည်ကြီးများက မြန်မာနိုင်ငံ သိမ်းပိုက်ရေးကိုလှုံ့ဆော်တိုက်တွန်းကြသည်။ ပြင်သစ်နှင့် မြန်မာ ကူးသန်းရောင်းဝယ်ရေးစာချုပ်မှာလည်း အမှန်တကယ်အတည်ပြုရန်ရှိနေမှုကြောင့် အင်္ဂလိပ်တို့က နောက်ဆုံး ၁၈၈၅ ခုနှစ် နိုဝင်ဘာလအတွင်း အထက် မြန်မာမြန်မာနိုင်ငံ တိုင်းတစ်ပါးလက်အောက်ကျရောက်ပြီး လွတ်လပ်ရေးဆုံးရှုံး ခဲ့ရခြင်း၏ အဓိကအကြောင်းအချက်များတွင် နယ်ချဲ့အရင်းရှင်နိုင်ငံ နှစ်နိုင်ငံ၏ စီးပွားရေးနယ်ပယ်ချဲ့ ထွင်လိုမှုကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော နယ်မြေသိမ်းကျူးကျော်မှုများသည် အဓိကအချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် နောက်ဆုံးမင်းဆက်မတိုင်မီကာလများက စည်းလုံးညီညွတ်ပြီး အင်အားတောင့်တင်းဂုဏ်ထည်ဝါသော နိုင်ငံဖြစ်ခဲ့သည်။ နိုင်ငံရေးပရိယာယ် အမျိုးမျိုး၊ သပ်လျှိုသွေးခွဲ လှုံ့ဆော်မှုအမျိုးမျိုးတို့ဖြင့် စစ်ရေးဖြင့် နိုင်ငံတစ်ဝက်ကျူးကျော်သိမ်းပိုက်ပြီးသောအခါ မြန်မာနိုင်ငံသည် အလွန် အားနည်းသွားပြီဖြစ်သည်။နိုင်ငံကို စစ်ဆင်မှုပြုလုပ်၍ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းသည် သင်ခန်းစာယူဖွယ် ဖြစ်သည်။ မျက်မှောက်ကာလသည် စစ်ရေးနည်းဖြင့် ကျူးကျော်သိမ်းပိုက်သည့် ခေတ်ကာလမဟုတ်တော့သော်လည်း နိုင်ငံတစ်နိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးစေမည့် အခြားသောအကြောင်းအချက်များကိုသတိချပ်ရမည်ဖြစ်သည်။ အဓိကမှာ စည်းလုံးညီညွတ်မှုလျော့နည်းပြီး တိုင်းပြည်အင်အားချည့်နဲ့ မသွားရန် အထူးသတိပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံကို စွက်ဖက်မည့် သူများက အမြဲစောင့်ကြည့်နေသည်ကို သတိမူရမည်ဖြစ်ပြီး အချင်းချင်း စည်းလုံးညီညွတ်သော ကိုယ်ခံအားဖြင့် ခုခံကာကွယ်နိုင်ရန် ပြင်ဆင်ထား ရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံလွတ်လပ်ရေးဆုံးရှုံးသည်မှာ စစ်ရေးသက်သက် သာမဟုတ်၊ အခြားသော နိုင်ငံရေး၊ စီးပွားရေးပရိယာယ်များကြောင့် ဆုံးရှုံးခဲ့ရ သည်ဖြစ်၍ မျက်မှောက်ကာလကြုံတွေ့နေရသော ပရိယာယ်များ၊ အနှောင့် အယှက်များအား နိုင်ငံအတွင်းသာမက နိုင်ငံတကာသို့ပါ မျက်ခြည်မပြတ် စောင့်ကြည့်ပြီး နိုင်ငံကိုကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ