အခုလို နိုင်ငံတော်က အသိအမှတ်ပြု ချီးမြှင့်မှုအပေါ် အားကစားသမားဟောင်းကြီးတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ စွဲမြဲထင်ကျန် နေမှာပါ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂၁၁/၂၀၂၂) ဖြင့် နယ်ပယ်အသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ခဲ့သည်။

ထိုသို့ချီးမြှင့်ခဲ့ရာတွင် တစ်ချိန်က မြန်မာ့အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသော မြန်မာ့ အားကစားသမားဟောင်းကြီးများကို နိုင်ငံတော်အနေဖြင့် မမေ့မလျော့သောအားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခဲ့ရာ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ ဘဝတစ်လျှောက်တွင် မျှော်လင့်စောင့်စားခဲ့ကြသည့် ဆုတံဆိပ်များ ရရှိခဲ့ကြမှုအပေါ် လက်ရွေးစင် အားကစားသမားဟောင်းကြီးများ၏ ရင်တွင်းပီတိစကားသံတို့ကို စုစည်းဖော်ပြအပ်ပါသည်။

ဦးနန္ဒကျော်စွာ (ရေကူး )

လူမှုထူးချွန် ဒုတိယဆင့်    
   
အခုလို အားကစားသမားဟောင်းတွေကို လျစ်လျူရှုမထားဘဲ ဂုဏ်ပြုချီးမြှင့်မှုအပေါ် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ခေတ်က ဘာမျှော်လင့်ချက်မှမရှိဘဲ နိုင်ငံတော်အတွက် ကစားခဲ့ကြတာပါ။ နိုင်ငံတော်အလံတိုင် ထိပ်ရောက်တယ်ဆိုရင် ဝမ်းသာပီတိ အတိုင်းမသိဖြစ်ရတာပါ။ ပြိုင်ပွဲတွေမှာ မြန်မာကနိုင်လို့ တိုင်ထိပ်မှာ မြန်မာနိုင်ငံရဲ့ အလံကိုလွှင့်ထူထားတယ် ဆိုရင် နိုင်ငံတော်အကြီးအကဲနဲ့ ပါဝင်ယှဉ်ပြိုင်ကြတဲ့နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်ရဲ့အလံကို ဦးညွှတ်ရတဲ့အတွက် အဲဒီလိုဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြတဲ့ အားကစားသမားဟောင်းတွေကို နိုင်ငံတော်က ပြန်လည်ကြည့်ရှု အသိအမှတ်ပြုပြီး ဆုတံဆိပ်တွေ ချီးမြှင့်မှုဟာ ပြောမပြတတ်အောင် ဝမ်းသာဂုဏ်ယူ ပီတိ ဖြစ်ရပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရလို့ အလံတော်ကို အားကစား မှာပါဝင်တဲ့နိုင်ငံတွေက ဂုဏ်ပြုအလေး ပြုတဲ့အခါမှာ အားကစားသမား တစ်ယောက်အနေနဲ့ ဖော်မပြတတ်အောင် ရင်ထဲအသည်းထဲမှာ ဝမ်းသာပီတိ ခံစားရပါတယ်။ အဲဒီလိုခံစားမှုမျိုးဟာ ကာယကံရှင်ကလွဲပြီး အခြားသူတွေ ပြည့်ပြည့်ဝဝခံစားလို့ရမှာ မဟုတ်တဲ့အတွက် ဝမ်းသာပီတိကြောင့်ကျတဲ့ မျက်ရည်ဟာ ဘယ်လိုမှ ရှင်းပြလို့မရတာ အမှန်ပါ။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့

(၅)ကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲ ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ် သုံးဆုရခဲ့ပါတယ်။ တိုင်းပြည်အတွက် အားကစားကဏ္ဍကနေ ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်ကိုကျေးဇူးဆပ်ခွင့် ရခဲ့တယ်။ အခုလိုနိုင်ငံတော်က အသိအမှတ်ပြု ချီးမြှင့်မှုအပေါ် အားကစားသမား ဟောင်းကြီးတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ စွဲမြဲထင်ကျန်နေမှာပါ။

ဒေါ်ဝင်းချိုစန်း ( သေနတ်ပစ် ) 

လူမှုထူးချွန် ဒုတိယဆင့်

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ 

(၂၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေနှစ်ခုရရှိခဲ့ပြီးတော့ ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့ (၂၂)ကြိမ် မြောက်ပြိုင်ပွဲမှာ ကြေးနှစ်ခုရရှိခဲ့ပါတယ်။ အခုလိုဆုမျိုးကို လက်ရွေးစင် အားကစားသမားဘဝမှာ ရွှေနှစ်ခုရစဉ်ကတည်းက မျှော်လင့်ခဲ့တာပါ။ အခုလိုမထင်မှတ်ဘဲ နိုင်ငံတော်က အသိအမှတ်ပြုချီးမြှင့်တာကို ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ အဖွဲ့အစည်း အသီးသီးအားလုံးကို ကျေးဇူးတင်ပါတယ်။ လက်ရှိမျိုးဆက်သစ်အားက စားသမားတွေအနေနဲ့လည်း ဆက်လက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အဖြစ် များစွာပေါ်ထွန်းလာအောင် ကြိုးစားသွားစေ ချင်ပါတယ်။ အမိနိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ အောင်မြင်အောင် စွမ်းဆောင်နိုင်သူ များစွာပေါ်ထွန်းပါစေလို့ ဆုတောင်းပါတယ်။

ဦးစိုးသိန်း (ဘော်လီဘော)

လူမှုထူးချွန် တတိယဆင့်

နှစ်ပေါင်း(၅၀)အတွင်းမှာ အခုလို ဆုတံဆိပ်ရလိမ့်မယ်လို့ လုံးဝမမျှော်မှန်းခဲ့ပါဘူး။ ဒီတစ်ခါမှာ နိုင်ငံတော်က အားကစားသမားဟောင်းတွေကို ပြစ်မထားဘဲ ထူးချွန်ဆုတွေ ချီးမြှင့်တဲ့ အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ မျိုးဆက်သစ်အားကစားသမား တွေလည်း ကျွန်တော်တို့လိုအရွယ် ရောက်လာချိန်မှာ နိုင်ငံတော်ကချီးမြှင့်တဲ့ ဆုတွေရရှိအောင် အခုကတည်းက ကြိုးစားအားထုတ်သင့်တယ်လို့ ပြောလိုပါတယ်။ ခေတ်အဆက်ဆက်မှာ ကျွန်တော်တို့ကို ထူးထူးခြားခြား ဂုဏ်ပြုခံရတဲ့အဆင့် မရှိခဲ့ဘူး။ အခုလို အသိအမှတ်ပြု ဂုဏ်ပြုခံရတာကို ကျွန်တော့်လိုပဲ အားကစား သမားဟောင်းတွေအားလုံး ဝမ်းသာပီတိဖြစ်ပြီး ဂုဏ်ယူနေကြပါတယ်။ 

ကျွန်တော့်နိုင်ငံအတွက် ဘော်လီဘော အားကစားနဲ့ ရွှေနှစ်ခု၊ ငွေတစ်ခုရခဲ့ပါတယ်။ ပထမဆုံးရွှေတံဆိပ်က မြန်မာပြည် မှာကျင်းပတဲ့ (၅)ကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲမှာပါ။ ဒုတိယ ရွှေတံဆိပ်က ၁၉၇၇ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ (၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရရှိခဲ့ပြီးတော့ ငွေတံဆိပ်ကို ၁၉၇၃ ခုနှစ် မလေးရှား နိုင်ငံမှာ ကျင်းပတဲ့ပွဲမှာ ရခဲ့ပါတယ်။ နောက်ပိုင်း နည်းပြဆရာအဖြစ် နှစ်ပေါင်း ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံ့ ဘောလုံးလက်ရွေးစင်အသင်းကိုလည်း ရွှေ၊ ငွေ၊ ကြေးတံဆိပ်တွေရအောင် နည်းပြတစ်ယောက်အနေနဲ့ စွမ်းဆောင် ပေးခဲ့ပါတယ်။ နိုင်ငံတော်က ရွှေ၊ ငွေနဲ့ ကြေးဆုတံဆိပ်ရရှိခဲ့တဲ့ အားကစားသမားတွေကို လစဉ်ထောက်ပံ့နေမှုကိုလည်း ဝမ်းသာရပါတယ်။ အခုလို နိုင်ငံတော်က အသိအမှတ်ပြုပြီး လူမှုထူးချွန်တံဆိပ် ချီးမြှင့်ခံရမှုအပေါ် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ 

ဦးအုံးရှိန် ( ဘော်လီဘော)

လူမှုထူးချွန် တတိယဆင့်

ဒီဆုတံဆိပ်ကတော့ ရသင့်တဲ့ သူတွေရတယ်လို့ ထင်ပါတယ်။ အဘတို့ ဝန်ထမ်းဘဝကတည်းက ဒီဆုကို မျှော်မှန်းခဲ့တာပါ။ သို့သော်လည်း ပင်စင်သွားပြီးတဲ့ နောက်ပိုင်း အနှစ် ၂၀ ကျော်မှာ ဒီဆု ကိုရခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ချီးမြှင့်ထိုက်တဲ့သူကို ချီးမြှင့်တဲ့အတွက် ဂုဏ်ယူရပါတယ်။ 

မြန်မာ့ဘော်လီဘော လက်ရွေးစင် အသင်းမှာ ၁၀ နှစ်ကျော်ကစားခဲ့တယ်။ အဲဒီ ၁၀ နှစ်အတွင်းမှာ ရွှေသုံးခု၊ ငွေတစ်ခုနဲ့ နိုင်ငံတော် အလံရဲ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့တယ်။ ကစားသမားဘဝပြီးဆုံးလို့ နည်းပြဘဝကို ရောက်တဲ့အခါမှာ အားကစားသမားတွေကို လက်ရွေးစင်အဆင့် ရောက်အောင် မွေးထုတ်ပေးနိုင်ခဲ့တယ်။ ၁၉၆၉ ခုနှစ်က မြန်မာပြည်မှာကျင်းပတဲ့ ကျွန်းဆွယ်ပြိုင်ပွဲမှာ ရွှေတစ်ခု စပြီးရတယ်။ ၁၉၇၅ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ အင်ပါယာ ရွှေတစ်ခုရခဲ့တယ်။ ၁၉၇၃ ခုနှစ် မှာလည်း မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ပွဲမှာ ငွေတံဆိပ်တစ်ခုရခဲ့တယ်။ ၁၉၇၇ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ပွဲမှာလည်း ရွှေတစ်ခုရခဲ့တယ်။ ရွှေတံဆိပ်ရရှိတဲ့အခါမှာ နိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသီဆိုခဲ့ရတဲ့ ဝမ်းသာပီတိခံစားမှုဟာ ဘာနဲ့မှနှိုင်းယှဉ်လို့ မရ ပါဘူး။ အဲဒီလိုစွမ်းဆောင်နိုင်ခဲ့တဲ့ အားကစားသမားဟောင်းကြီးတွေကို အခုလို နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်တဲ့အတွက် အတိုင်းထက်အလွန် ဝမ်းမြောက်ဂုဏ်ယူပါတယ်။

တွေ့ဆုံမေးမြန်း- ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး