အချုပ်အခြာအာဏာ ပြည်သူလူထုထံ၌သာ...

ယနေ့ဆိုလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိမဲရုံများတွင် ပြည်သူလူထုအများ မဲပေးနေကြပေရော့မည်။ ပြည်သူအားလုံး စိတ်လှုပ်ရှားစွာ ဖြင့် သိလိုနေသည်မှာ ပြည်သူတွေက မည်သူတို့ကို ရွေးချယ်ကြပြီလဲ ဟူသည့်အဖြေကို ဖြစ်ပါသည်။

 

မြန်မာပြည်သူတို့ မျှော်လင့်နေကြသည့် ၂၀၂၀ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲ။

 

မြန်မာလူထုသည် နိုင်ငံရေးမတည်ငြိမ်မှု၏ဒဏ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ခံခဲ့ကြရသူများ ဖြစ်သောကြောင့် တည်ငြိမ်သော နိုင်ငံရေးစနစ်ကို အထူးတောင့်တလိုလားသူများ ဖြစ်ကြပါသည်။ နိုင်ငံရေးမတည်ငြိမ်မှုကို အရင်းခံ၍ နှစ်ရှည်ကြာဆင်နွှဲနေသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ အရှုပ်အထွေးများဖြင့် လုံးထွေးကာ မဖြေရှင်းနိုင် ဖြစ်နေရသော တိုင်းရင်းသားလူမျိုးစုများကြားရှိ တန်းတူရေး၊ မျှတရေး၊ ညီညွတ်ရေး စသည့် ပြဿနာများ၊ ချွတ်ခြုံကျစီးပွားရေး ပြဿနာ၊ အဆင့်အတန်းနိမ့်ကျပြီးရင်း နိမ့်ကျရင်းဖြစ်ရသည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစစသော ကဏ္ဍများ၊ နိုင်ငံတကာအလယ်တွင် မျက်နှာငယ်စွာ ရပ်တည်ခဲ့ရသော အချိန်များ စသည်ဖြင့် မနည်းလှ။

 

ရွေးကောက်ပွဲများက မြန်မာနိုင်ငံတစ်ခုလုံးကို နတ်ရေကန်ထဲ ပစ်ချလိုက်သကဲ့သို့ ပြောင်းလဲသစ်လွင်သွားစေမည် မဟုတ်သော်လည်း ပြောင်းလဲသစ်လွင်သွားစေမည့် လမ်းကြောင်းပေါ်သို့ တက်ရောက်နိုင်မည့် စနစ်ကို ရရှိလာ စေမည်ဟု ယုံကြည်ပါသည်။ ပြည်သူလူထုက ရွေးချယ်သူများ နိုင်ငံ့အာဏာအရပ်ရပ်ကို ရရှိလာမည့်စနစ်ကို ထူထောင်နေကြခြင်းဟု နားလည်ပါသည်။

 

ယနေ့ မြန်မာပြည်သူလူထု ကြိုးစားထူထောင်နေသော စနစ်သည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲစနစ်ဖြစ်၏။ အဆိုပါ ရွေးကောက်ပွဲစနစ်၏ ပဓာနအကျဆုံးသောပန်းတိုင်မှာ ပြည်သူလူထု မဲပေးရွေးချယ်သူတို့သာ လွှတ်တော် အသီးသီး၏ ပြည်သူ့ကိုယ်စားလှယ်များဖြစ်လာရေး၊ ထိုလွှတ်တော်များက ရွေးချယ်တာဝန်ပေးသူတို့သာ အစိုးရ ခေါင်းဆောင်များဖြစ်လာရေးနှင့် တရားစီရင်ရေးကို စီမံခန့်ခွဲထိန်းချုပ်နိုင်ရေးတို့ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုလျှင် အခြေခံဥပဒေတွင် အလေးပေးဖော်ပြထားသည့် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်' ဟူသည့် မူကို အသေအချာ အကောင်အထည်ဖော်နိုင်ရန်အတွက် ရွေးကောက်ပွဲများ ကျင်းပခြင်းဖြစ်၏။ နိုင်ငံသားများသည် ရွေးကောက်ပွဲတွင် မဲပေးသည့်နည်းဖြင့် ထိုမူကို ကြိုးစား တည်ဆောက်ကြရမည် ဖြစ်ပါသည်။

 

နိုင်ငံရေး အုပ်ချုပ်ရေးတာဝန်၊ ဥပဒေပြုရေးတာဝန်၊ တရားစီရင်ရေးဆိုင်ရာ တာဝန်တို့ကို မည်သူ့လက်ထဲသို့ လွှဲအပ်မလဲ ဆိုသည်ကို ရွေးကောက်ပွဲများကတစ်ဆင့် ပြည်သူလူထု၏ အဆုံးအဖြတ်ကို ရယူသည့် စနစ်ဖြစ်ပါသည်။

 

ယင်းသို့သော တာဝန်များကိုလက်ခံကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဟု ကိုယ့်ကိုယ်ကိုယ်ယုံကြည်သူ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြပါသည်။ ပြည်သူ လူထုကလည်း မိမိတို့၏ သဘောဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်မည်ဟု ယုံကြည်သော နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားများကို မဲပေးရွေးချယ်ကြမည် ဖြစ်ပါသည်။

 

ဤစနစ်၏ဥပဒေအရ မဲဆန္ဒနယ်အသီးသီးတွင် မဲအများဆုံးရရှိသူတို့သည် ရွေးချယ်ခံပြည်သူ့ကိုယ်စားလှယ်များ ဖြစ်လာကြပါမည်။ လုံလောက်သော မဲအရေအတွက်မရရှိသူများက နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို လွှတ်တော်ပြင်ပက ဆက်လက်တာဝန်ယူကြရန် ဖြစ်ပါသည်။

မဲအနိုင်ရသူကို မဲရှုံးသူက ယဉ်ကျေးစွာဂုဏ်ပြုနှုတ်ဆက်သည့် လွန်စွာသိမ်မွေ့ဖွယ်ရာသည့် နိုင်ငံရေးယဉ်ကျေးမှုပင် ဖြစ်ပါသည်။

 

တစ်နည်းအားဖြင့်ဆိုရလျှင် ပြည်သူလူထု၏ အဆုံးအဖြတ်ကို ဝမ်းမြောက်စွာလက်ခံခြင်းပင် ဖြစ်ပါသည်။

 

နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှသာ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်ပါစေ သတည်း။    ။