ကိုရင်မောင်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဆိုပါနိုင်ငံ၏ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးစွမ်းအားများ ကောင်းမွန်ရန်လိုအပ်သည်။ နိုင်ငံရေးအင်အားကောင်းမွန်လျှင် နိုင်ငံတည်ငြိမ်အေးချမ်းမည်။ စီးပွားရေးအင်အား ကောင်းမွန်လျှင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မည်။ နိုင်ငံရေး၊ စီးပွားရေးအင်အား ကောင်းမွန်လျှင် ကာကွယ်ရေးအင်အားလည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ ကာကွယ်ရေးအင်အားကောင်းမွန်လျှင် တင့်တယ်မော်ကြွားသော နိုင်ငံဖြစ်လာမည်။ မိမိတို့၏ အချုပ်အခြာအာဏာကို မည်သူမျှ ထိပါးစော်ကားခြင်းမပြုနိုင်သည့် နိုင်ငံဖြစ်လာမည်။ ထို့ကြောင့် အဓိကကျသည့် နိုင်ငံ့စီးပွားတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံရေးနှင့် ကာကွယ်ရေးတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်စဉ်အချိန်အခါက အမျိုးသားခေါင်းဆောင်များ၏ နိုင်ငံရေးအရ ကြိုးပမ်းအားထုတ်မှု၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပြင်းထန်သည့် လူငယ်လူရွယ်များနှင့် တိုင်းရင်းသားပြည်သူများ၏ စုစည်းညီညွတ်မှုတို့ဖြင့် လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ကြသည်။ နိုင်ငံကို ကာကွယ် စောင့်ရှောက်ရန်အတွက် ဓနအင်အားပြည့်စုံရန်လိုသည်။ ထိုစဉ်က တိုင်းပြည်၏ ဓနအင်အားသည် ကျူးကျော်နယ်ချဲ့တို့ လက်ဝယ်တွင်ရှိသဖြင့် လက်ရုံးရည်၊ နှလုံးရည်ကိုသာအားကိုးပြီး တိုင်းတစ်ပါး အကူအညီဖြင့် လွတ်လပ်ရေးကို ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးသောအခါ တိုင်းပြည်ပြန်လည် ထူထောင်ရေး၊ တည်ဆောက်ရေးကို ပြာပုံဘဝမှ ပြန်လည်ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
သမိုင်းတွင် ကြုံတွေ့ခဲ့
နိုင်ငံလွတ်လပ်ရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ရသလို ရရှိပြီးသော လွတ်လပ်ရေးအရှည်တည်တံ့ခိုင်မြဲစေရန်နှင့် နိုင်ငံ့စီးပွားရေးကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ အေးချမ်းသာယာဝပြောသည့် နိုင်ငံတည်ဆောက်ရန်အတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောအချက်ဖြစ်သည်။ စီးပွားရေးကောင်းမွန်ပါမှ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံအဖြစ် အရှည်တည်တံ့နိုင်မည်ဖြစ်သည်။ တိုင်းပြည်စီးပွားရေးကောင်းမွန်မှုမရှိပါက ပြည်သူများ၏ လူမှုစီးပွားဘဝကျပ်တည်းလာပြီး အထွေထွေမကျေနပ်မှုများ ဖြစ်ပေါ်လာကာ တည်ငြိမ်အေးချမ်းမှုပျက်ပြားမည်။ ထိုမှတစ်ဆင့် နိုင်ငံရေးပယောဂအမျိုးမျိုး ပူးကပ်လာပြီး တိုင်းပြည်အချုပ်အခြာ အာဏာထိပါးစေနိုင်သည့်အဖြစ်မျိုးကို သမိုင်းတွင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ သဘောထား ကွဲလွဲမှုများဖြစ်ခဲ့သည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးပါတီများနှင့် ပါတီခေါင်းဆောင်များ အကွဲအပြဲဖြစ်ကြသည်။ ပြည်ထောင်စုပြိုကွဲမည့် အရေး၊ အချုပ်အခြာအာဏာ ထိခိုက်မည့်အရေးအပေါ် တပ်မတော်က ကျားကုတ်ကျားခဲကြိုးပမ်းကာကွယ်ခဲ့ရသည်။ တပ်မတော်သည် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် နိုင်ငံရေးစနစ်မျိုးစုံတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်ခဲ့ရသည်။ ပါလီမန်ဒီမိုကရေစီခေတ်က စီးပွား ရေးကောင်းမွန်သော်လည်း နိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် အရာမရောက်သလို ဖြစ်ခဲ့ရသည်။
တိုင်းပြည်ပြိုကွဲလုနီးပါး
ပါလီမန်ဒီမိုကရေစီခေတ်ပြီးသည့်နောက်တွင် ဆိုရှယ်လစ်ဗဟို ဦးစီးစနစ်ကို ကျင့်သုံးခဲ့သည်။ ဆိုရှယ်လစ်စနစ်တွင် ကောင်းမွန်သည့် အချက်များရှိသလို အားနည်းချက်များလည်းရှိခဲ့သည်။ မြန်မာ့နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးရာတွင် နိုင်ငံရေးအရ တစ်ပါတီ ဗဟိုဦးစီးစနစ်ကိုကျင့်သုံးသဖြင့် နိုင်ငံရေးထွက်ပေါက်ပိတ်သူများ၏ မကျေနပ်မှု၊ စီးပွားရေးစီမံကိန်းစနစ်ကြောင့် စီးပွားရေးထွက်ပေါက် ပိတ်သွားသူများ၏ မကျေနပ်မှု၊ အုပ်ချုပ်ရေးကဏ္ဍတွင် ပါတီဝင်များကိုသာ ဦးစားပေးမှုကြောင့် မကျေနပ်မှု စသည်တို့ရှိခဲ့သည်။ ဆိုရှယ်လစ်စနစ်တွင် အုပ်ချုပ်ရေးအရ အားနည်းမှုများ၊ စီးပွားရေးအရ ပိတ်ပင် ထားမှုများကြောင့် မှောင်ခိုစီးပွားရေးစနစ်ပေါ်ပေါက်လာခြင်း၊ သယံဇာတများကို ခိုးထုတ်ရောင်းချခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း တို့ကြောင့် အထွေထွေမကျေနပ်မှုများဖြစ်ပေါ်လာပြီး ၁၉၈၈ ခုနှစ်တွင် တိုင်းပြည်ပြိုကွဲလုနီးပါး လှိုင်းကြီးလေထန်ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရသည်။
၁၉၈၈ ခုနှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် တပ်မတော်က အုတ်မြစ်ချပေးခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးကာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့သည်။ အစိုးရက ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့သည်။ တပ်မတော်က အစိုးရနှင့် လက်တွဲဆောင်ရွက်ခဲ့သည်။ ဒီမိုကရေစီ ပထမအစိုးရအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီကျင့်သုံးချိန်တွင် မကျေနပ်ချက်များကို အတိတ်၊ ပစ္စုပ္ပန် ရောထွေးပြီး အတိုက်အခံပြုလုပ်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီ ဒုတိယအစိုးရ တာဝန်ယူသောအခါ စီမံခန့်ခွဲမှု အတွေ့အကြုံအားနည်းမှု၊ ပြည်ပအထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်ပြီး ပြည်တွင်း စီးပွားရေးကို အားမပေးမှု၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမရှိမှု၊ နိုင်ငံခြား သားအကြံပေးများ၏ အကြံဉာဏ်အတိုင်း ဩဇာခံဆောင်ရွက်ခဲ့မှုတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရသည်။
ဝင်ငွေပိုမိုတိုးတက်ရရှိ
ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံများအပေါ် ဩဇာလွှမ်းမိုးနိုင်အောင် နိုင်ငံတိုးတက်ရေးတွင် အဓိကကျသည့် စီးပွားရေးကဏ္ဍအား ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိအစိုးရ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ချိန်တွင် စီးပွားရေးအရ ပိတ်ဆို့မှုများရှိခဲ့ပြီး ပြည်ပထောက်ပံ့မှုများ များစွာ လျော့နည်းသွားသည်ကို တွေ့ရသည်။ ထို့အပြင် ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန် ကျန်ရှိနေသော ကြွေးမြီများကို ပြန်လည်ပေးဆပ်နိုင်ရေး ဆောင်ရွက်ခဲ့ရသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးမြှင့်၍ ပြည်ပသို့ ပို့ကုန်များတင်ပို့နိုင်ရေး ဆောင်ရွက်ခဲ့ရသည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခဲ့ရသည်။ စိုက်ပျိုးရေးလုပ်ငန်းများ၌ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ပြီး ဝင်ငွေပိုမို တိုးတက်ရရှိလာအောင် တွန်းအားပေးလျက်ရှိသည်။
အဆိုပါ အခြေအနေများသည် အတိတ်ကာလနှင့် မျက်မှောက်ကာလ၌ နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်လာသော ခေတ်အဆက်ဆက် အစိုးရများ၏ အခြေအနေများနှင့် ထိုခေတ်ထိုကာလများ၏ စီးပွားရေးဖြစ်ပေါ်မှုအခြေအနေများဖြစ်သည်။ နိုင်ငံ့စီးပွားရေး ဆုတ်ယုတ်မှုသည် တိုင်းပြည်အတွက် ထိခိုက်နစ်နာစေသလို တစ်ဆက်တည်းတွင် နိုင်ငံရေးအရ ရိုက်ခတ်မှုများရှိလာပြီး တိုင်းပြည်တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနိုင်သည့်အခြေအနေများရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်က ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည့်နည်းတူ တိုင်းပြည်ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်လာအောင်၊ စီးပွားရေးကို အထူးကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
စီးပွားရေး တိုးတက်အောင်
လက်ရှိတွင် နိုင်ငံရေးအရ ပြည်တွင်း၌ ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်းမျိုးစုံဖန်တီးပြီး စီးပွားရေးထိခိုက်အောင်၊ လိုသလိုခြယ်လှယ်နိုင်အောင် ပြည်ပမှ ဖန်တီးနေကြသည်။ ယင်းအခြေအနေတွင် နိုင်ငံတော်က မိမိနိုင်ငံအတွင်းရှိ သယံဇာတနှင့် အရင်းအမြစ်များ၏ စွမ်းအားများကိုအသုံးချပြီး ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကိုယ်ပိုင်အရင်းအမြစ်များ နည်းပါးလာသည်နှင့်အမျှ စီးပွားရေးတွင်ထိခိုက်ပြီး အခြားကဏ္ဍမျိုးစုံတို့တွင်ပါ အားနည်းလာမည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေး သည် အရေးပါသည့်အချက်ဟု ရှုမြင်နိုင်သည်။ နိုင်ငံတော်၏ သယံဇာတများနှင့် အခြေခံကောင်းများကိုအသုံးချပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့သာလိုသည်။
ယနေ့ကာလ၌ ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေသည်။ နိုင်ငံရေးမတည်ငြိမ်မှု၏ အဆုံးသတ်တွင် စီးပွားရေးအကျပ်အတည်းဖြစ်မှုကို ဦးတည်လေ့ရှိသည်။ ယင်းကို ပြည်ပနယ်ချဲ့လက်သစ်နိုင်ငံများက ကြိုတင်စီမံပြီး ၎င်းတို့အကျိုး စီးပွားကို ဖန်တီးနေကြသည်။ ထို့ကြောင့် ပြည်ပအမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးနိုင်သည့် လူသားအရင်းအမြစ်များ ပိုင်ဆိုင်နိုင်အောင် ကြိုးစားမှသာ မိမိနိုင်ငံ၏ ကိုယ်ပိုင်သယံဇာတများနှင့် ဝင့်ဝင့်ထည်ထည်ရပ်တည်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်နှင့် သယံဇာတများ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်ရာ အဆိုပါအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ပါက လျင်မြန်သော စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်သည့် အလားအလာကောင်းများ များစွာရှိသည်။
မဟာဗျူဟာကျ
ပြည်ထောင်စုကြီး၏ နယ်မြေဒေသအသီးသီးတွင် သဘာဝ တွင်းထွက်သယံဇာတပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများ ရှေးယခင်ကာလများမှ ယနေ့အချိန်တိုင်အောင် ရှိနေဆဲဖြစ်သည်။
ကျောက်မျက်ရတနာကဲ့သို့ ထင်ရှားသည့် ရတနာသိုက်များ ကမ္ဘာ့မြေပုံပေါ်တွင် မှတ်တမ်းရှိသည်။ သဘာဝဓာတ်ငွေ့သိုက် ကုဗပေ ၁၈ ထရီလီယံနှင့် ယှဉ်တွဲလျက် ရေနံသိုက်စည်ပေါင်း ၃ ဒသမ ၂ ဘီလီယံရှိပြီး အာရှ၏ စွမ်းအင်ပိုင်ဆိုင်သော နိုင်ငံဖြစ်သည်ဟုဆိုသည်။ အများစုမှာ ကမ်းလွန်ပင်လယ်ပြင်တွင် တွေ့နိုင်သော်လည်း ကုန်းတွင်းပိုင်းတွင်လည်း ရေနံထွက်ရှိနိုင်ကြောင်း၊ စုစုပေါင်းနိုင်ငံ့ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းခန့်ကို ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ကြီးကြီးမားမား ဖြည့်ဆည်းပေးနိုင်ကြောင်း သိရပြီး မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဆန်အများဆုံးထွက်ရှိသော နိုင်ငံဖြစ်သဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် အာရှတွင် အဓိကအခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်ကို တွေ့နိုင်သည်။
မြန်မာနိုင်ငံသည် ပေါများကြွယ်ဝသော သဘာဝသယံဇာတ အရင်းအမြစ်များနှင့် အလုပ်လုပ်နိုင်သော လူသားအရင်းအမြစ်များ လုံလောက်စွာရှိသည့်အပြင် ထူးခြားသောပထဝီဝင်စီးပွားရေး တည်နေရာအရ အာရှနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့အကြား ပေါင်းကူးတံတားဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သလို အိန္ဒိယနိုင်ငံနှင့်လည်း အထူးခိုင်မာသောဆက်ဆံရေးရှိသည်။ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော မြန်မာနိုင်ငံသည် အလားတူ ယဉ်ကျေးမှုအစဉ်အလာ ထွန်းကားသော အိန္ဒိယ၊ တရုတ်၊ ရုရှားနိုင်ငံကြီးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း ပြည်ပဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။
သာယာဝပြောမှုဖြစ်မည်
၂၀၂၅ ခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်တို့သည် အကောင်းဘက်သို့ အပေါင်းလက္ခဏာဆောင်လာသည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုလက်တွဲပြီး အကြမ်း ဖက်သောင်းကျန်းသူချုပ်ငြိမ်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသည်။ အကြမ်းဖက်မှုများရှိနေလင့်ကစား ဒီမိုကရေစီ အရပ်ဘက် အုပ်ချုပ်ရေးကို ပုံဖော်ပေးသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နေသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ၏ စောင့်ကြည့်အကဲခတ် မှုအောက်၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်မည်မှာသေချာသည်။ ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းဖြင့် နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုအသစ်ကိုရရှိကာ တိုင်းပြည် အရှိန်အဟုန်ဖြင့် တိုးတက်မှုကိုရစေမည့် မောင်းနှင်အား ဖြစ်လာမည်။ အောင်မြင်သော အသွင်ကူးပြောင်းရေးမှတစ်ဆင့် အာရှတစ်လွှားဒေသတွင်း သာယာဝပြောမှုကို ဖြစ်ပေါ်လာစေနိုင်မည်ဖြစ်သည်။
သို့ဆိုပါလျှင် ကမ္ဘာပေါ်တွင် နိုင်ငံရေး၊ စီးပွားရေးဖိအားများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများရှိနေလင့်ကစား မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ နှောင့်ယှက်တိုက်ခိုက်မှုများ ရှိလင့်ကစား မိမိတို့နိုင်ငံ၏ ပေါများကြွယ်ဝသည့် သဘာဝသယံဇာတအရင်းအမြစ်များနှင့် လူသားအရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး အဓိကကျသည့် စီးပွား ရေးမောင်းနှင်အားကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေး မောင်းနှင်အား ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပြီး ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ကာ တိုင်းပြည်ဖျက်ဆီးသူများ၊ အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်နှင့် ပြည်သူအတူ လက်တွဲပြီး အပြီးတိုင် ချေမှုန်းရှင်းလင်းကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုလျှင် နိုင်ငံတော်၏ စီးပွားရေးတိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ကာ တိုင်းပြည်နှင့်လူမျိုးကို အကျိုးပြုမည့် နိုင်ငံရေးအင်အားစုများ ပိုမိုတိုးတက်ထွန်းကားလာစေရန်အတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အပိုင်း (၂) နှင့် (၃) တို့ကို အလားတူ ကျင်းပ၍ မြန်မာကို ကမ္ဘာက တန်ဖိုးထား ဆက်ဆံလာမည့်၊ လွတ်လပ်ရေးနှင့်ထိုက်တန်သည့် နိုင်ငံတော်သစ် ပေါ်ထွန်းလာတော့မည်ဖြစ်ရာ နိုင်ငံ၏အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်နိုင်ငံသစ်ကို ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။


