ရန်ကုန် မေ ၁၇
အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တာဝန် ရှိသူများ၊ ပြိုင်ပွဲဝင် ရှစ်နိုင်ငံမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြိုင်ပွဲအမျိုးအစား(Event) ၁၂ မျိုးတွင် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Men’s Bodybuilding 75kg ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ မောင်မောင်မြင့်၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ စတီဗင်စိုးထွန်းတို့ကလည်းကောင်း၊ Men’s Bodybuilding 80kg ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ ချမ်းမြေ့ထွန်း၊ ဒုတိယဆုနှင့် တတိယဆုကို ဖိလစ်ပိုင်နှင့် ဗီယက်နမ်အသင်းတို့မှ အားကစားသမားများကလည်းကောင်း၊ Men’s Bodybuilding Over 80kg ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ အောင်ခိုင်ဝင်းတို့က လည်းကောင်း ရရှိကြသည်။
Men’s Athletic Physique Up to 160 cm ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ ဟိန်းထက်ဇော်၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ ရဲထက်နိုင်တို့က လည်းကောင်း၊ Men’s Athletic Physique Up to 167cm ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ ဝေလင်းကျော်၊ ဒုတိယဆုကို မလေးရှားအသင်းမှ အားကစားသမားနှင့် တတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားတို့က လည်းကောင်း၊ Men’s Athletic Physique Over 167 cm ပြိုင်ပွဲတွင် ပထမဆုကို ထိုင်းအသင်းမှ အားကစားသမား၊ ဒုတိယဆုနှင့် တတိယဆုကို မလေးရှားအသင်းမှ အားကစားသမားတို့က လည်းကောင်း၊ Women’s Ahtletic Physique up to 160cm ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်အသင်းမှ အားကစားသမား၊ ဒုတိယဆုကို မြန်မာအသင်းမှ မိုးသက်ခိုင်နှင့် တတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားတို့ကလည်းကောင်း၊Women’s Athletic Physique Over 160cm ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မလေးရှား အသင်းမှ အားကစားသမားတို့ကလည်းကောင်း ရရှိကြသည်။
Women’s Model Physique up to 160cm ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ မီမီကျော်နိုင်၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို ထိုင်းအသင်းမှ အားကစားသမားတို့ကလည်းကောင်း၊ Women’s Model Physique up to 165cm ပြိုင်ပွဲတွင် ပထမဆုကို ထိုင်းအသင်းမှ အားကစားသမား၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ ထူးမြတ်ဝေတို့ကလည်းကောင်း၊ Women’s Model Physique Over 165cm ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်အသင်းမှ အားကစားသမား၊ ဒုတိယဆုကို ထိုင်းအသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ ဝင်းသော်တာအောင်တို့ကလည်းကောင်း ရရှိကြသည်။
Mixed Pairs ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်အသင်း၊ ဒုတိယဆုကို ဗီယက်နမ်အသင်းနှင့် တတိယဆုကို မြန်မာအသင်းမှ ဝေလင်းကျော်နှင့် လဲ့ရည်ထွန်း တို့ကလည်းကောင်း၊ Men’s Team Championship ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက် တံခွန်စိုက်ပထမဆုကို မြန်မာနိုင်ငံ၊ ဒုတိယဆု ကို ဗီယက်နမ်နိုင်ငံနှင့် တတိယဆုကို ထိုင်းနိုင်ငံတို့က လည်းကောင်း၊ Women’s Team Championship ပြိုင်ပွဲ အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆုတွင် ပထမ ဗီယက်နမ်နိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံနှင့် တတိယ ထိုင်းနိုင်ငံကလည်းကောင်း၊ Overall Championship Mr. south East Asia 2026 ကာယဗလမောင်ဆုကို မြန်မာနိုင်ငံမှ ချမ်းမြေ့ထွန်းကလည်းကောင်း ဆွတ်ခူးရရှိခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား အားကစားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Datuk Paul Chua နှင့် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်၊ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် Trophy တို့ကို ပေးအပ်ချီးမြှင့်ကြသည်။
အကြိမ် (၂၀)မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မေ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ရာ ယနေ့ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ် ကိုးခု စုစုပေါင်းဆုတံဆိပ် ၂၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၁) ကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


