အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၆

 

အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ (40th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ဒုတိယနေ့အဖြစ် (၁၆)ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများ အစည်းအဝေး (16th East Asia Summit Energy Ministers Meeting - EAS-EMM) နှင့် (၁၉) ကြိမ်မြောက် အာဆီယံနှင့်ဆွေးနွေးဘက် ၃ နိုင်ငံ (ဂျပန်၊ ကိုရီးယား၊ တရုတ်) စွမ်းအင်ဝန်ကြီး များအစည်းအဝေး (19th AMEM+3) တို့ကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

 

အစည်းအဝေးတွင် အာဆီယံဒေသတွင်း စွမ်းအင်လုံခြုံရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်စင်သောစွမ်းအင်နှင့် ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်များသုံးစွဲနိုင်ရေး၊ စွမ်းအင်ဈေးကွက်တည်ငြိမ်မှုရှိရေး၊ ကာဗွန်ဖမ်းယူအသုံးချမှု နည်းပညာ (Carbon Capture, Utilization and Storage (CCUS) Technical) ဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုက်ဒရိုဂျင်နှင့် အမိုးနီးယားစွမ်းအင်နည်းပညာဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အာဆီယံ နှင့် အရှေ့အာရှနိုင်ငံများအကြား၊ အာဆီယံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးအစီအမံများ၊ မူဝါဒနှင့် လုပ်ငန်းစဉ် များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်ကဏ္ဍတွင် သဘာဝ ဓာတ်ငွေ့သည် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် ပြည်တွင်း ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့် ထုတ်လုပ်နိုင်ရေးကြိုးပမ်းလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဧရိယာတစ်ခုချင်းစီ၏ ရည်မှန်းချက်များပြည့်မီစေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ အနေဖြင့် မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသည့်ကျေးလက်ဒေသများတွင် အသေးစားရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ ဆိုလာ စသည့်ပြန်ပြည့်မြဲအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲရန်စီမံ ဆောင်ရွက်နေပါ ကြောင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာအသုံးချရေးနှင့် စွမ်းအင်ချွေတာရေး၊ ပြန်ပြည့် မြဲစွမ်းအင်အရင်းအမြစ်များပိုမိုတိုးမြှင့်သုံးစွဲရေးနှင့် ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးတို့အတွက် လည်း မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာဗွန်ဖမ်းယူအသုံးချမှုနည်းပညာ၊ ဟိုက်ဒရိုဂျင်၊ အမိုး နီးယားစွမ်းအင်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ အာဆီယံ၏ဆွေးနွေး ဘက်နိုင်ငံများ၊ နိုင်ငံတကာစွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့ အစည်းအဝေးများအတွင်း (၁၆)ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ၏ စွမ်းအင် ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေငြာစာတမ်း “The Joint Ministerial Statement (JMS) of 16th EAS-EMM” နှင့် (၁၉) ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဘက် ၃ နိုင်ငံ စွမ်းအင်ဝန်ကြီး များအစည်းအဝေး၏ ပူးတွဲကြေငြာ စာတမ်း “The Joint Ministerial Statement (JMS) of 19th AMEM+3” များကို ထုတ်ပြန်ခဲ့ကြကြောင်း၊ (၄၁)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၃ခုနှစ်တွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)