အကျိုးဆောင်လိုင်စင်မရှိဘဲ ပြည်ပသို့ပို့ဆောင်ပေးသူကို အမှုဖွင့်တိုင်ကြား

ကျောက်ပန်းတောင်း  ၂   ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အုံ့မှုံးရိုးကျေးရွာတွင် အကျိုးဆောင်လိုင်စင် မရှိပဲ ပြည်ပသို့ပို့ဆောင်နေသူအား ငွေကြေးလိမ်လည်မှုဖြင့်   ဇန်နဝါရီ(၃၁) ရက်နေ့က လက်ပံပျား ရဲစခန်းသို့ လာရောက် အမှုဖွင့်တိုင်ကြားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားရဲစခန်းအပိုင်နယ်မြေရှိ အုံ့မှုံးရိုးကျေးရွာမှ  မမိဝင်း(ခ)မခင်ဝင်းမာ သည် ၎င်း၏ခင်ပွန်းဖြစ်သူ မင်းအောင်မှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြောင်း၊မ လေးရှားနိုင်ငံသို့အလုပ်သွားရောက်လုပ်ကိုင်လိုပါက တရားဝင်အလုပ်ရရှိရန် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း နှင့် တစ်လလျှင် မလေးရှားငွေ(၁၀၅၀)ရင်းဂစ်၊မြန်မာငွေကျပ်(၄)သိန်းခန့်ရရှိမှာဖြစ်ကြောင်း၊ ဗီဇာအား ၎င်းမှဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုလာသဖြင့်၊ တစ်ရွာတည်းနေသူ ဟန်ဝင်းအောင်၊ အောင်မိုး၊စိုးဦးနှင့်ကျော်ခိုင်စိုး တို့ထံမှ တစ်ဦးလျှင်ငွေကျပ်(၁၅) သိန်း(၅)သောင်း ကျပ်စီဖြင့် စုစုပေါင်း (၆၂)သိန်းကျပ်အားရယူခဲ့ပြီး၊ ၂၀၁၈-ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် တရားလို ဟန်ဝင်းအောင်ပါ(၃)ဦးတို့အား ရန်ကုန်လေဆိပ်မှ မလေးရှားနိုင်ငံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်သို့ရောက်ရှိရာ ကျော်ခိုင်စိုးတစ်ဦးသာ အလုပ်ဗီဇာဖြစ်၍ မလေးရှားနိုင်ငံသို့ ဝင်ခွင့်ရရှိခဲ့ပြီး ကျန် (၃)ဦးမှာ အလည်အပတ်ဗီဇာဖြစ်သဖြင့် ဝင်ရောက်ခွင့်မရဘဲ မြန်မာပြည်သို့ပြန်လည်စေလွှတ်ခြင်း  ခံခဲ့ရကြောင်း သိရသည်။ 

 

သို့ဖြစ်ရာ မြန်မာပြည်သို့ပြန်လည်စေလွှတ်ခြင်းခံရသည့် ဟန်ဝင်းအောင်၊အောင်မိုးနှင့် စိုးဦးတို့ (၃)ဦးမှ  မမိဝင်း(ခ)မခင်ဝင်း မာထံပေး ထားသော တစ်ဦးလျှင်ငွေကျပ်(၁၅)သိန်း(၅)သောင်း၊ စုစုပေါင်း (၄၆)သိန်း(၅)သောင်း အားပြန်လည်တောင်းခံခဲ့ရာ မမိဝင်း မှ ပြန်လည်မပေးသဖြင့် ဟန်ဝင်းအောင် က တရားလိုပြုလုပ်၍ ပြည်ပအလုပ် အကိုင် ဆိုင်ရာအကျိုးဆောင်လိုင်စင်မရှိဘဲ ငွေကြေးတောင်းခံရယူခဲ့သူ မမိဝင်း(ခ)မခင်ဝင်းမာအပေါ် ဥပဒေအရအရေးယူ ပေးပါရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍  ပြည်ပအလုပ်အကိုင်ဆိုင်ရာ  အကျိုးဆောင်လိုင်စင်မရှိဘဲ ငွေကြေးတောင်းခံဆောင် ရွက်ခဲ့သူ မမိဝင်း(ခ)မခင်ဝင်းမာကို ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)