အကျိုးပြုစီးပွားရေးစစ်တမ်း

၄  စက်တင်ဘာ

 

မြန်မာနိုင်ငံတွင် စီးပွားရေးအခြေအနေကောင်းခြင်း၊ မကောင်းခြင်းတို့ကို ဆွေးနွေးငြင်းခုံ ပြောဆိုကြသည်။ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေပေါ်မူတည်၍ စီးပွားရေးကျဆင်းမှုကို အဓိကပြောဆိုကြသည်။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ကျဆင်းမှုရှိသည်မှာ မှန်သော်လည်း သေချာရေရာတိကျသော အချက်အလက်ဖြင့် ဆွေးနွေးငြင်းခုံအဖြေရှာဖို့ လိုအပ်သည်။

 

စီးပွားရေးမကောင်းခြင်းပြဿနာကို ကိုင်တွယ်ဖြေရှင်း အဖြေရှာ ဆောင်ရွက်နိုင်ရန်အတွက် တိကျသေချာသော စီးပွားရေးဆိုင်ရာ အချက်အလက်များ ရှိရန်လိုအပ်ပြီး ထိုအချက်အလက်များဖြင့် အကျိုးပြုစီးပွားရေး စစ်တမ်းများ ထုတ်ဖော်ကြရမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ “မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများအား စောင့်ကြည့်လေ့လာသည့် စနစ်”ကို တည်ထောင်ရန်အတွက် ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် ၂၀၁၉- ၂၀၂၀ ခုနှစ် အကြားတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အရေအတွက်ဆိုင်ရာ စစ်တမ်းနှစ်ခု၊ အရည်အသွေးဆိုင်ရာ စစ်တမ်းနှစ်ခုတို့ကို ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် ဒိန်းမတ်-မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်တစ်ခုမှ စစ်တမ်းကောက်ယူမည်ဟု သိရသည်။

 

အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံတွင် အရည်အသွေးရှိပြီး ယုံကြည်ကိုးစားနိုင်သည့် အချက်အလက်များ စုဆောင်းသိုမှီး ထားရှိပြီး အသုံးပြုနိုင်သည်။ ယင်းအထောက်အထားများကိုအခြေပြု၍ ကောင်းမွန်သော စီးပွားရေးမူဝါဒများကို ချမှတ်နိုင်မည်၊ ဦးစားပေးကဏ္ဍများ သတ်မှတ်နိုင်မည်၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးမှုအတွက် များစွာအကျိုးပြုမည့် ထိုအစီအစဉ်ကို ကြိုဆိုရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည်ဖြစ်စေ၊ စီးပွားရေးဆိုင်ရာ အချက်အလက်များကို ရှာဖွေသည်ဖြစ်စေ ငွေရေးကြေးရေးနှင့် နည်းပညာအကူအညီများ လိုအပ်သည်။ မြန်မာနိုင်ငံ၏ လိုအပ်ချက်မှာ ဓနဥစ္စာနှင့် နည်းပညာဖြစ်၍ ထိုအချက်များကို ရှာဖွေရယူရမည်ဖြစ်သည်။ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အစပျိုး လုပ်ကိုင်မှု အတွက် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှာ အဓိကကျသည်။ ထိုစီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု စစ်တမ်း(၂၀၁၇)အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ဩဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ရာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိက လိုအပ်ချက်များကို သိရှိရသည်။

 

အဆိုပါစစ်တမ်းအတွက် မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းပေါင်း ၇၁၀ဝ၀ ကျော်ကို ကိုယ်စားပြုပြီး ချဉ်းကပ်ဆောင်ရွက် ထားသည်ကို တွေ့ရသည်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်မည့်လိုအပ်ချက်များ၊ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် လိုအပ်ချက်များ၊ စိန်ခေါ်မှုများကို ဖော်ထုတ် ပေးထားသည်။ ထို့အပြင် လုပ်ငန်းလည်ပတ်သူများနှင့် လုပ်ငန်းစတင်လုပ်ဆောင်မည့်သူများ ဘဏ္ဍာငွေရရှိနိုင်မှု အချက်အလက်များ၊ နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဝိသေသလက္ခဏာများ၊ လုပ်ငန်းစွမ်းဆောင်မှု၊ လုပ်သားအင်အား၊ ထီထွင်ဆန်းသစ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ရောင်းလိုအား၊ ဘဏ္ဍာရေးလက်လှမ်းမီမှု (ချေးငွေရရှိမှု)၊ လက်ရှိစီးပွားရေး ဝန်းကျင်မှ အကန့်အသတ်များ၊ အလားအလာများ၊ စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ စသည့်အချက်အလက်များကို ဖော်ထုတ်ထားသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် အခြေခံကျသည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်မှု အသေးစိတ်အချက် အလက်များသည် အရည်အသွေးရှိပြီး ယုံကြည်ကိုးစားနိုင်သည့် အချက်အလက်များဖြစ်၍ ယင်းတို့ကို အသုံးပြုကာ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန်ပစ္စည်းဖြင့် ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်ထိုးဖောက်ရန် အနာဂတ်တွင် ဖော်ဆောင်နိုင်လိ့မ်မည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ