အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အကျိုးတူ စနစ်ဖြင့် ရေချိုပုစွန်မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်က ချေးငွေထုတ်ပေးမည်

 

နေပြည်တော် ဩဂုတ် ၈

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ လာမည့်စိုက်ပျိုးရာသီ၊ နွေစပါးသီးနှံ၊ ပဲတီစိမ်းသီးနှံနှင့် ရေချိုပုစွန် မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများတွင် နိုင်ငံတော်က ချေးငွေထုတ်ပေးပြီး၊ အကျိုးတူလယ်ယာစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပြောကြားသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် ယနေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် အကျိုးတူစနစ်ဖြင့် ရေချိုပုစွန် မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းဆိုင်ရာ စနစ်ပုံစံနှင့် လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ပုစွန် မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း၊ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ငါး ပုစွန် အစာ ထုတ်လုပ်ရောင်းဝယ်သူများ အသင်းတို့မှ ဥက္ကဋ္ဌများနှင့် အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အကျိုးတူလယ်ယာ (Contract Farming) စနစ်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း၊ မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများကို တောင်သူအစုအဖွဲ့ (သို့မဟုတ်) တောင်သူသမဝါယမအသင်းများ၊ သွင်းအားစု ကုမ္ပဏီများနှင့် အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်မည့် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်များအကြား သုံးဦးသုံးဖလှယ် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်ရန်လိုကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင် အသိသက်သေများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အကျိုးတူစနစ်ဖြင့် ရေချိုပုစွန်မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းဆိုင်ရာ စနစ်ပုံစံနှင့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်