အကြမ်းဖက်မှု စုပေါင်းတန်ပြန်တိုက်ဖျက်

 

ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင်  အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့နေရသည်ကို   တွေ့မြင်ရမည်ဖြစ်သည်။   အထူးသဖြင့်   အစွန်းရောက် တိုက်ခိုက်မှုများကို မကြာခဏမြင်တွေ့ကြရပြီး မကြာသေးမီက ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်၌   ဘာသာရေးအဆောက်အအုံအနီး အသေခံဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာများရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မရှိသလောက်ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်ကာလများမှစ၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။

 

၂၀၁၆ -၂၀၁၇ ခုနှစ်၌ ပြည်ပမှအစွန်းရောက်အကြမ်းဖက်အဖွဲ့ ARSA ၏ အန္တရာယ်ပေါ်ပေါက်လာခဲ့သည်။ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၂၀၂၀ ရွေးကောက်ပွဲကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေး မှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားများအပါအဝင် အပြစ်မဲ့ပြည်သူ ၆၀၀၀ နီးပါးသေဆုံးခဲ့သည်။

 

မြန်မာနိုင်ငံသည် ဘာသာတရားနှင့် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသော နိုင်ငံဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ကာလများက ဘာသာတရားနှင့် ယဉ်ကျေးမှုအစဉ်အလာများကို နင်းချေဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် မဆီလျော်သည့် မယဉ်ကျေးသော၊ စာရိတ္တပျက်ယွင်းသော၊ ရက်စက်ကြမ်းကြုတ်သော အပြုအမူလုပ်ဆောင်မှုများ ပေါ်ပေါက်လာသည်။ ငါနဲ့မတူ ငါ့ရန်သူသဘောထားပြီး အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်ခြင်းသာမက ကားလမ်း၊ ရထားလမ်း၊ လျှပ်စစ်တာဝါတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်၊ အခြေခံအဆောက်အအုံများကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

အစွန်းရောက်တို က်ခိုက်သတ်ဖြတ်မှုများသည် ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် မြန်မာနိုင်ငံတွင်ပါ ခြိမ်းခြောက်မှုအန္တရာယ် ကြီးမားလာသည်။ ထို့ကြောင့် နိုင်ငံတကာ အကြမ်းဖက်မှုတို က်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံ အကြမ်းဖက်မှုတို က်ဖျက်ရေးဥပဒေတို့နှင့်အညီ အကြမ်းဖက်သမားများကို တိုက်ခိုက်နှိမ်နင်း ရှင်းလင်းလျက်ရှိသည်။ ပြည်သူလူထုပူး ပေါင်းပါဝင်မှုဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို နှိမ်နင်းလျက်ရှိသလို နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းလက်တွဲ၍ တိုက်ခိုက်နှိမ်နင်းရှင်းလင်းလျက်ရှိသည်။

 

အကြမ်းဖက်မှုတိုက်ဖျက်ရေးကို နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိရောက်စွမ်းဆောင်မှုများ ရရှိလာသည်။ မြန်မာနိုင်ငံသည် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌအဖြစ် ရုရှားနိုင်ငံနှင့် ပူးတွဲဆောင်ရွက်ခွင့်ရလာသည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ ဦးဆောင်မှုဖြင့် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် နားလည်ယုံကြည်မှုနှင့် ချစ်ခင်ရင်းနှီးမှုများကို အခြေခံကာ ဒေသတွင်းအကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ်များကို ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်နိုင်ခဲ့သည်။

 

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ မြန်မာနိုင်ငံ နေပြည်တော်တွင် စားပွဲတင်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်နိုင်ခဲ့သည်။ စက်တင်ဘာလ ၂၆ ရက် နေ့မှ ၂၉ ရက်နေ့အထိ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး မြေပြင်လက်တွေ့ လေ့ကျင့်ခန်းများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်။ မြေပြင်လက်တွေ့ လေ့ကျင့်ခန်းများကို မြန်မာနိုင်ငံမှအရာရှိ၊ စစ်သည်များ၊ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းလက်တွဲ၍ ပါဝင်တက်ရောက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

 

မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်မှ ကိုယ်စားလှယ်များဦးဆောင်၍ မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သည့် စားပွဲတင် လေ့ကျင့်ခန်းတွင် ရေးဆွဲခဲ့သည့် စစ်ဆင်မှုစီမံချက်အား အသေးစိတ်ပြန်လည်ညှိနှိုင်း ဆွေးနွေးခြင်း၊ စစ်ဆင်မှုအဆင့် ကွပ်ကဲမှုအဖွဲ့များနှင့် နည်းဗျူဟာအဆင့် ကွပ်ကဲမှုအဖွဲ့များက လေ့ကျင့်ခန်းဆိုင်ရာ အစီအမံများအား ညှိနှိုင်းဆွေးနွေး အတည်ပြုခြင်း၊ နိုင်ငံပေါင်းစုံပါဝင်သည့် တပ်ဖွဲ့များဖြင့် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် ပထမအဆင့် စစ်ဆင်မှုစီမံချက်အား အပြီးသတ်ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့သည်။ မြေပြင်လက်တွေ့လေ့ကျင့်ခန်းများတွင်ပါဝင်သည့် နိုင်ငံအလိုက်တပ်ဖွဲ့ဝင်များက စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၌ အကြမ်းဖက်မှုအန္တရာယ်များ ကြီးထွားလာချိန်တွင် အာဆီယံ + ၃ နှင့် ဒေသတွင်းနိုင်ငံများအကြား လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကြမ်းဖက်မှုများကို ပိုမိုထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်ပြီး ပြည်သူပြည်သားများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ကြေးမုံ